၂၇ မေ
ဘရာဇီးနိုင်ငံမြောက်ပိုင်း အကျဉ်းထောင်တစ်ခုတွင် ယမန်နေ့က ပဋိပက္ခဖြစ်ပွားကာ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
အမေဇုံသစ်တော်ဒေသရှိ Anisio Jobim အကျဉ်းထောင်တွင် ယင်းပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပဋိပက္ခမှာ အကျဉ်းထောင် အဓိကရုဏ်း ဖြစ်ပွားခြင်းမဟုတ်ပဲ ဧည့်တွေ့ချိန်အတွင်း ထောင်သမားများအကြား ထွေးလုံးသတ်ပုတ်မှုတစ်ခုသာ ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဧည့်တွေ့ချိန်အတွင်း ထောင်သားသေဆုံးမှုမရှိခဲ့ဖူးကြောင်း၊ အကျဉ်းသားအချို့သည် ၎င်းတို့၏ တိုက်ပိတ်ခံထားရသော နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုပြစ်မှုကျူးလွန်ခြင်းသည် အကျဉ်းသားများ၏ မိသားစုများ ရှေ့မှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်အုပ်ချုပ်ရေးရုံးအကြီးအကဲ မားကို့စ် ဘီနီစီယပ် အယ်မီဒါ က ပြောကြားခဲ့သည်။
အယ်မီဒါ ၏ ပြောကြားချက်အရ ယင်းသေဆုံးသူများမှာ သွားပွတ်တံဖြင့် ထိုးသတ်ခြင်း သို့မဟုတ် လည်မျိုညှစ်ခံရခြင်း တို့ကြောင့် ဖြစ်ကြောင်းနှင့် ထိုထိခိုက်မှုတွင် အကျဉ်းထောင် ထောင်ကြပ်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
၎င်းပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းကို ယခုထိမသိရှိရသေးသော်လည်း စုံစမ်းစစ်ဆေးမှုများ စတင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို