ရန်ကုန် ၂၇ မေ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကဖွင့်လှစ်သည့် လူ့အခွင့်အရေး အဆင့်မြင့် သင်တန်းအမှတ်စဉ်(၁)ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ (၆) မိုင်ခွဲ၊ အမှတ်(၂၇)ရှိ အဆိုပါကော်မရှင်ရုံး၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က အဆင့်မြင့်သင်တန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သင်တန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်ဝင်းက သင်တန်းဆိုင်ရာသိသင့်သည့် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် လူ့အခွင့်အရေးအခြေခံသင်တန်း တက်ရောက်ပြိီးဖြစ်သော လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် ၁ မှ သင်တန်းသား၊ သင်တန်းသူ (၁၁) ဦး၊ အမှတ်စဉ် ၂ မှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးနှင့် အမှတ်စဉ် (၃) မှ သင်တန်းသား၊ သင်တန်းသူ (၂၄)ဦး၊ စုစုပေါင်း ၅၅ ဦးတို့ တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ယနေ့မှစတင်၍ ရက်သတ္တပတ် လေးပတ်ကြာမြင့်မည်ဖြစ်ကာ နေ့စဉ် နံနက် ၇ နာရီမှနံနက် ၉ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ယင်းသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအား UDHR နှင့် နှိုင်းယှဉ်လေ့လာခြင်း၊ ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးများအား ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) နှင့်မြန်မာနိုင်ငံ၊ SDGs နှင့် လူ့အခွင့်အရေးုစသည့် ဘာသာရပ်များ အပါအဝင် စုစုပေါင်း ဘာသာရပ် (၁၅) ခုကိ်ု ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဘာသာရပ် ကျွမ်းကျင်သူများက ပိ်ု့ချသွားမည် ဖြစ်သည်။
သင်တန်းတွင် Group Discussion နှင့် Field Trip အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ ဖြစ်ကြောင်းသိရသည်။
လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိနားလည်လာပြိီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသား တိုင်း လူ့အခွင့်အရေးများကိ်ု လေးစားလိ်ုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေး စံနှုန်း များမြင့်မားသော လူ့ဘောင်ပေါ်ထွန်းလာစေရန်နှင့် လူ့အခွင့်အရေး အသိ်ပညာ ပြန့်ပွားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖွင့်လှစ်ခြင်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ- ဇော်ကြီး