နေပြည်တော်  ၂၇  မေ 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာလက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊  ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပညာသင်ဆုပေးရေး စီမံချက် အတွက် ဂျပန်ယန်း(၆၁၂)သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA တို့က လက်မှတ်ရေးထိုးလဲလှယ်ကြသည်။

 

အဆိုပါ စာချွန်လွှာအရ အကူအညီပေးမည့် စီမံချက်အား အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာ ဝန်ထမ်းများ ဂျပန်နိုင်ငံရှိတက္ကသိုလ်များတွင် အဆင့်မြင့်ပညာများ လေ့လာဆည်းပူးခွင့်ရရှိမည်ဖြစ်၍ မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေပြီး၊  မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်လာစေမည် ဖြစ်သည်။ 

 

(သတင်းစဉ်)