၂၈  မေ

 

အာဖဂန်ပဋိပက္ခဟာ ဆီးရီးယားနိုင်ငံရဲ့ ပဋိပက္ခကို ကျော်လွန်ကာကမ္ဘာ့သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအဖြစ် ယခုနှစ်မှာ စံချိန်တင်ခဲ့တယ်လို့ လေ့လာစစ် တမ်းကောက်သူများက ဆိုပါတယ်။ အမေရိကန်ကျူးကျော်မှု ပြုလုပ်ပြီးနောက် အာဖဂန်ပဋိပက္ခတွေဟာ ၁၈ နှစ်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့လည်း နိုင်ငံတကာအရေးမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

စစ်ပွဲကြောင့် ထောင်းထောင်းကြေနေတဲ့ အာဖဂန်ဟာ မျှော်လင့်ချက်ကင်းမဲ့မှု တွေမြင့်တက်လာတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အာဖဂန်နစ္စတန်အတွက် ချမှတ်ထားတဲ့ နည်းဗျူဟာကလည်း သူ့ရဲ့နောင်တော် အမေရိကန်သမ္မတတွေလိုပဲ အလုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကတော့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

အခြေအနေဆိုးလာ

 

အာဖဂန်ဟာ လတ်တလောမှာ ကမ္ဘာ့သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအသွင်ဖြစ်နေပါတယ်လို့ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျူ့ရဲ့ အာဖဂန်ရေးရာကျွမ်းကျင်သူ ဂျွန်နီဝေါ့ရှ်က ပြောခဲ့ပါတယ်။ အာဖဂန်နိုင်ငံရဲ့ နှစ်တော်တော်များများဟာ အကြမ်းဖက်မှုအများဆုံးဖြစ်ပွားခဲ့တဲ့နှစ်တွေ ဖြစ်လာခဲ့ပါတယ်။ အာဖဂန်ရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးလာ ပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

 

အာဖဂန်နစ္စတန်ပဋိပက္ခတွေဖြစ်ပြီး ဆယ်စုနှစ်တစ်စုလောက်ကြာမှ ဖြစ်ပွားခဲ့ တဲ့ဆီးရီးယား ပဋိပက္ခတွေဟာလည်း အခုချိန်အထိလူ့အသက်ပေါင်း ၁၅၀ဝ၀ အထိ သေဆုံးခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

 

စံချိန်တင်

 

အာဖဂန်စစ်ပွဲတွေကြောင့်လည်း ၂၀၁၈ ခုနှစ်ထဲမှာ အရပ်သားနဲ့ တိုက်ခိုက်ရေး သမားတွေအပါအဝင် လူပေါင်း ၂၀ဝ၀ဝ ကျော် သေဆုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဆိုင်ရာအဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဂရယ်မီစမစ်က ဆိုပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာဆိုရင် အရင်ကပမာဏထက် ပိုမိုများပြားလာဖွယ်ရှိပါတယ်။ အဲဒီပမာဏဟာ တခြားပဋိပက္ခတွေမှာ ဖြစ်ပွားတဲ့နှုန်းထက်ပိုတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

အာဖဂန်နစ္စတန်အတွက် အဲဒီပမာဏဟာ စံချိန်တင် မှတ်တမ်းတင်နိုင်တဲ့ပမာဏ ဖြစ်တယ်လို့ ဆွီဒင်ရှိ အက်ဆာလာ ပဋိပက္ခစာရင်းအင်းပရိုဂရမ်အရ သိရပါတယ်။ အာဖဂန်မှာဖြစ်ပွားတဲ့ ဘက်ပေါင်းစုံပဋိပက္ခတွေကြောင့် သေဆုံးသူတွေဟာ ၂၀၁၇ ခုနှစ်မှာလည်း ၁၉၆၉၄ ဦးအထိရှိခဲ့တယ်လို့ အက်ဆာလာပဋိပက္ခစာရင်းအင်း ပရိုဂရမ် က ဆိုပါတယ်။

 

နှစ်စဉ်သေဆုံးသူ ၅၀ဝ၀ ကျော်ရှိ

 

အာဖဂန်အရပ်သားသေဆုံးမှုဟာ ၂၀၁၈ ခုနှစ်ပထမခြောက်လတာအတွင်းမှာ ၁၆၉၂ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ မကြာသေးမီက ကုလသမဂ္ဂအစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

 

ရန်သူတိုက်ခိုက်ရေးသမား ၃၀ဝ မှ ၄၀ဝ လောက် အပတ်တိုင်း သေဆုံးကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ နက်စ်ရက်တ်ရာဟီမီကပြော ကြားခဲ့ပါတယ်။ သို့သော်လည်း အရပ်သားသေဆုံးမှု သို့မဟုတ် အစိုးရတပ်ဖွဲ့ဝင် သေဆုံးမှုဆိုင်ရာ သတင်းအချက်အလက်တွေကိုတော့ ထုတ်ပြန်ဖော်ပြခြင်း မရှိပါဘူးလို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

သေဆုံးသူအတိအကျဖော်ပြပေးရန် ကဘူးလ်ရဲ့ တောင်းဆိုမှုကို လွန်ခဲ့တဲ့နှစ်က အမေရိကန်က သဘောတူပြီးနောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ သေဆုံးခဲ့တဲ့ စာရင်းကိုလည်း ပြည်သူသို့ အတိအကျထုတ်ပြန်ဖော်ပြခြင်း မပြုနိုင်ခဲ့ဘူးလို့ သိရ ပါတယ်။ နှစ်စဉ်နှစ်တိုင်း သေဆုံးသူ ၅၀ဝ၀ ကျော်လောက်ရှိမယ်လို့ အာဖဂန်နစ္စတန် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အမေရိကန်အထူးစစ်ဆေးရေးမှူးချုပ်က ဖော်ပြခဲ့ တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီပမာဏဟာ တကယ့်မြေပြင်မှာဖြစ်ပွားနေတဲ့ပမာဏထက် ပိုမိုနည်းနိုင် ခြေရှိတယ်လို့ လေ့လာဆန်းစစ်သူအများစုက ဆိုပါတယ်။ အခုနှစ်အစိုးရတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တဲ့နှုန်းဟာ တကယ့်ကြောက်လန့်စရာကောင်းတယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဆိုင်ရာအဖွဲ့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဂရယ်မီစမစ်က ဆိုပါတယ်။

 

ထိရောက်မှုရှိ

 

စုစုပေါင်းသေဆုံးမှုနှုန်းဟာ ၂၀၁၄ ခုနှစ်ကတည်းက တဖြည်းဖြည်းမြင့်တက် လာခဲ့တယ်လို့ အက်ဆာလာပဋိပက္ခ စာရင်းအင်းပရိုဂရမ်က ဖော်ပြခဲ့တဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။ တာလီဘန်တို့နဲ့ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တာလီဘန်အုပ်စုဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အကြီးမားဆုံးအကြမ်းဖက် အစွန်းရောက်အဖွဲ့ ဖြစ်ပါတယ်။ တာလီဘန်အဖွဲ့ဟာ တိုက်ပွဲအတော်များများကို အောင်မြင်ခဲ့ပါတယ်။ အဲဒီ အုပ်စုဟာ ၂၀၁၄ ခုနှစ်ကမှ အာဖဂန်မှာ စတင်ပေါ်ပေါက်လာတဲ့ အိုင်အက်စ် အဖွဲ့ထက်စာရင် မပြောပလောက်သော်လည်း ပိုမိုထိရောက်မှုရှိတဲ့အဖွဲ့ ဖြစ်ခဲ့ပါတယ်။

 

အာဖဂန်ပဋိပက္ခဟာ ဒေသတွင်းနိုင်ငံတွေကိုလည်း မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံကို ပိုမိုလှုပ်ခတ်မှုရှိခဲ့ပါတယ်လို့ ငြိမ်းစားအာဖဂန်ဗိုလ်ချုပ် အာတီကွာလာအာမာခီလ်က ဆိုပါတယ်။ သွေးမြေကျမှုတွေ ဖြစ်နေသော်လည်း အာဖဂန်မှာရှိတဲ့ ထိပ်ပိုင်းအမေရိကန်နဲ့ နေတိုးတပ်မှူး တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂျွန်နီကိုလ်ဆင်က လွန်ခဲ့တဲ့လက အာဖဂန်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ထားခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လုပ် ဆောင်ခြင်းအပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နည်းဗျူဟာတွေဟာ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

 

လွှမ်းမိုးထား

 

တပ်ဖွဲ့ဝင်အင်အားများလေလေ သွေးမြေကျတိုက်ခိုက်မှုတွေ ပိုဖြစ်လေလေ၊ လူတွေသေဆုံးမှု ပိုများလေလေလို့ အမေရိကန်တပ်ဖွဲ့များရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတီလူပိုက ပြောပါတယ်။ ဒါဟာ စစ်ပွဲနဲ့ ပတ်သက်တဲ့ အမှန်တရားတစ်ခုဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

 

ငြိမ်းချမ်းရေးက အကြမ်းဖက်မှုတွေကို နိဂုံးချုပ်စေ

 

အစိုးရဟာ အစွန်းရောက်အဖွဲ့တွေနဲ့ နယ်မြေပြန်လည်ရရှိရေးမှာ သူပိုင်ကိုယ်ပိုင် အကြိတ်အနယ်ဆင်နွှဲနေရတုန်း ရှိသေးတယ်လို့လည်း သိရပါတယ်။

 

အကြမ်းဖက်မှုတွေ မြင့်တက်လာသော်လည်း အစိုးရနဲ့ တာလီဘန်ကြား အာဖဂန်စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေကို အဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ ငြိမ်းချမ်းရေးရရှိမှသာလျှင် အကြမ်းဖက်မှုတွေ နိဂုံးချုပ်သွားမှာ ဖြစ်ပါတယ်။ ။

 

အေအက်ဖ်ပီ