၂၈  မေ

 

ကမ္ဘာတစ်ဝန်းတွင် အသက်ငါးနှစ်မှ ၁၇ နှစ်ကြား ကလေးလုပ်သား ၁၅၂ သန်းခန့်အနက် ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှနှင့် ပစိဖိတ်ဒေသတွင်ရှိနေသည်။ ၎င်းတို့အထဲမှ ၇၃ သန်းခန့်သည် အ္တရာယ်ရှိသော လုပ်ငန်းခွင်များသို့ ရောက်နေကြသည်။ ကလေးလုပ်သားပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ရင်ဆိုင်နေကြရသည်ဖြစ်ရာ လုံးဝပပျောက်သွားအောင် မဆောင်ရွက်ကြသေးသော်လည်း တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍ ကလေးလုပ်သားလျှော့ချရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် (၁၈၂) ကို လက်မှတ်ရေးထိုးထားပြီး ကလေးလုပ်သား များ အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ချုပ် (ILO) ၊ ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

လူမှုစီးပွား နိမ့်ကျခြင်းနှင့် ကလေးလုပ်သား

 

ကလေးလုပ်သားလျှော့ချရေးသည် နိုင်ငံများ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုး တိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေ ထိုင်ရမှုများ၊ ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကြောင့် စားနပ်ရိက္ခာမဖူလုံမှုများ၊ လူမှုစီးပွားဘဝ အကျပ်အတည်း များသည် ကလေးများပညာဆုံးခန်းတိုင်အောင် မသင်ကြား နိုင်ဘဲ ကလေးအလုပ်သမားအဖြစ်သို့ တွန်းပို့လျက်ရှိ သည်။ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့် အနက် ခြောက်သိန်းသည် ကလေးလုပ်သားများဖြစ်ကာ လေးသိန်းမှာ အန္တရာယ်ရှိသောလုပ်ငန်းများ၌ အလုပ်လုပ်ကိုင် နေကြကြောင်း ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်သည့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

သက် ငါးနှစ်မှ ၁၇ နှစ်အထိ ကလေးဦးရေ ၁၂ ဒသမ ၄ သန်းအနက် ကလေးဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ကလေးလုပ်သားများဖြစ်ကာ မြို့ ပြကလေးဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်သည် မြို့ ပြကလေးလုပ်သားများ ဖြစ်ကြောင်း၊ မြို့ ပြရှိ ကလေးလုပ်သားများထက် ကျေးလက်တွင်နေထိုင်သည့် ကလေးများက ကလေးလုပ်သားအဖြစ် လုပ်ကိုင်သူပိုများကြောင်း၊ ပြည်တွင်းကလေးလုပ်သားဈေးကွက်တွင် အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကလေးများသည် ကလေး လုပ်သားအဖြစ်အများဆုံး အလုပ်လုပ်ကိုင်နေကြသည့် အသက်အပိုင်းအခြားများဖြစ်ကြောင်းနှင့် အများစုသည် မူလ တန်းကျောင်းအဆင့်သာ ပြီးမြောက်ကြောင်း ယင်းအစီရင်ခံ စာ၌ ဆက်လက်ဖော်ပြထားသည်။ ကလေးလုပ်သား အများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့်မရရှိမှုနှင့် မိသားစုအားထောက်ပံ့ရန် လက်ဖက်ရည် ဆိုင်၊ စားသောက်ဆိုင်နှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေရပြီး အကြွေးအတွက် အလုပ်လုပ်ပေးရသည့် အလေ့အထကြောင့် အိမ်အကူများအဖြစ် လုပ်ကိုင်နေရသော ကလေးလုပ်သားများအပေါ် သက်ရောက်မှုပိုမိုများပြားလျက် ရှိသည်။

 

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှု မရှိခြင်း၊ ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲမှုများနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများရှိလာခြင်း၊ လူမှု စီးပွားရေး ဘဝအကျပ်အတည်းများမှတစ်ဆင့် ကလေး၊ လူငယ်၊ လူရွယ်များသည် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်သည့် အခွင့်အလမ်းများမရရှိဘဲ ကလေးအလုပ် သမားအဖြစ် အသုံးပြုခံနေမှုများကို ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးသူငယ်များ အား မိသားစုကိစ္စများတွင် ကူညီခြင်းမှလွဲ၍ အလုပ်ခိုင်းစေ ခွင့်မရှိသော်လည်း ဆင်းရဲမွဲတေမှုက ၎င်းတို့အား လုပ်ငန်းခွင်များအတွင်းသို့ တွန်းပို့သလိုဖြစ်နေစေသည်။

 

သားကောင်များအဖြစ် ခံနေရသော ကလေးများ

 

ကမ္ဘာ့နေရာအနှံ့အပြား၌ ကလေးများသည် အိမ်ထဲပိတ် လှောင်ထားခြင်းခံနေရပြီး ငရဲကျနေသည့်ဘဝကို ခံစားနေ ကြရသည့် ကလေးပေါင်း မြောက်မြားစွာရှိနေနိုင်သည်။ အမှောင်တွင်းမှ လုပ်ငန်းများဟု အမည်ပေးထားသည့် အိမ်ဖော်မှအစ ပြည့်တန်ဆာခန်းအဆုံး မလုပ်ချင်သည့်အလုပ်များ လုပ်နေရသည့်ကလေးများကို ထိုဘဝရောက်စေရန် လူကုန်ကူးနေကြသည့် လုပ်ငန်းကြီးကပင် တစ်နှစ်ဒေါ်လာ ဘီလီယံ ၁၅၀ ခန့် အထိ ဖွံ့ ဖြိုးတိုးတက်နေသည့် လုပ်ငန်းကြီး ဖြစ်နေသည်။

 

၂၀၁၁ ခုနှစ်ခန့်ကတည်းက လူဦးရေ သန်း ၉၀ ခန့်သည် အချိန်ပိုင်း၊ အချိန်ပြည့်ကျေးကျွန်ဘဝကို ရောက်နေကြသူ များဖြစ်သည်။ သူတို့ကို တရားဝင်ငွေကြေးများနှင့်သာမက မူးယစ်ဆေး၊ လက်နက်တို့နှင့် လဲလှယ်ရောင်းချခြင်းများကို ခံနေကြရသည်။ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်လူများကို အသိတရားတစ်ခုရစေရန် ဇွန်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ကလေး လုပ်သားဆန့်ကျင်ရေးနေ့ အဖြစ်လည်းကောင်း၊ ဇူလိုင် ၃၀ ရက်နေ့ကို ကမ္ဘာ့လူကုန်ကူးမှုဆန့်ကျင်ရေးနေ့ အဖြစ်လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်း ဖြစ်သည်။

 

ကမ္ဘာအနှံ့ကလေးလုပ်သားပေါင်း သန်း ၁၇၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ထက်ဝက်ခန့်သည် ကြမ်းတမ်းပြီး အသက် အန္တရာယ်ရှိသည့် အလုပ်များကို လုပ်ကိုင်ပေးနေကြရသူများ ဖြစ်သည်။ ထိုအထဲတွင် ကလေးဘဝကတည်းက စာချုပ်မိပြီး ကျွန်ဘဝကိုရောက်နေကြသည့် ကလေးတွေလည်းပါသည်။ ထိုကလေးများထဲမှ သုံးပုံတစ်ပုံခန့်သည် လူကုန်ကူးခြင်းခံရပြီး ရောင်းစားခံထားရသူများ ဖြစ်နေသည်။

 

ကလေးများထဲတွင် အမျိုးသမီးလေးများ ဘဝမှာ အလွန်သနားစရာကောင်းလှသည်။ သူတို့ကို လိင်ကျွန်များဘဝ ရောက်စေရန် အရောင်းအဝယ်လုပ်ခြင်းကို ခံနေကြရသည်။ ၂၀၁၆ ခုနှစ်ကတည်းက အတုပ်အနှောင်ခံနေရသည့် ဘဝထဲ ဝင်နေသော ကလေးပေါင်း ၂၅ သန်းခန့်ရှိသည်ဟု ဆိုသည်။ ထိုအထဲတွင် ၅ သန်းခန့်သည် လိင်ကျွန်များဘဝသို့ ရောက်သွားကြသည်။ မိန်းကလေး၊ ယောကျာ်းလေး ငယ်ငယ်ရွယ်ရွယ်များကို လိင်လုပ်သားများအဖြစ် ရောင်းချရခြင်းမှာ ငွေကြေးအမြောက်အမြားရသောကြောင့်လည်း ကမ္ဘာ့အကြီး ဆုံးကုန်သွယ်မှု လုပ်ငန်းတစ်ခုအနေဖြင့် အမှောင်အတွင်း ရှင်သန်ဖြစ်ထွန်းနေသည်။

 

ခေတ်သစ်ကျေးကျွန်စနစ်

 

ခေတ်သစ်ကျေးကျွန်စနစ်သည် အလွန်ကြောက်စရာ ကောင်းလှသည်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းရန် ၁၈၀ဝ နှစ်ပိုင်းလောက်ကတည်းက လှုပ်ရှားလာခဲ့ကြသည်။ ၂၀၁၆ ခုနှစ်ကာလအထိ ကျေးကျွန်စနစ်ဟု မခေါ်နိုင်သော အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ပေးခြင်းကို ခံနေရသော အမျိုးသမီးပေါင်းက ၁၆ သန်းခန့် ရှိနေသည်။ အများစုမှာ အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်လေးများဖြစ်သည်။ သူတို့လည်း စာချုပ်နှင့် တုပ်နှောင်ခံလိုက်ရသည့် ကျေးကျွန်တွေထက် ဆိုးရွားစွာ အိမ်၏ထောင်ထဲတွင် သက်ဆင်းကြရသူများ ဖြစ်သွားခဲ့ရသည်။ ခေတ်သစ်ကျေးကျွန်လုပ်ငန်းများမှာ ပုံစံအမျိုးမျိုးနှင့် တည်ရှိနေသည်။ ငါးဖမ်းလှေများပေါ်တွင် လည်းကောင်း၊ မိုင်းတွင်းများထဲတွင် လည်းကောင်း၊ ပြည့်တန်ဆာခန်းများထဲ တွင်လည်းကောင်း၊ လယ်ယာလုပ်ငန်းများထဲတွင် လည်းကောင်း ဘဝပျက်နေသူများစွာရှိနေသည်။ ထိုလုပ်ငန်းများထဲတွင် နည်းမျိုးစုံနှင့် ပိတ်မိနေသည့် လူသားစစ်စစ်တွေမှာ တိရစ္ဆာန်နှင့်မခြား ဘဝများကို ရပ်တည်နေကြရသည်။

 

နိုင်ငံတကာ ကျေးကျွန်စနစ် ဆန့်ကျင်ရေးအဖွဲ့ (ASI) က လက်ရှိနိုင်ငံအချို့တွင် လက်ခံကျင့်သုံးနေသော ရိုးရာ စဉ်အလာများနှင့် မိန်းမ၊ ယောကျာ်းတို့ကို အနိမ့်အမြင့် ခွဲခြားဆက်ဆံနေခြင်းအား ဦးစွာအမြစ်ပြတ်အောင် ဖြတ်နိုင်ရန် လိုသည်ဟု ဆိုသည်။ အမျိုးသမီးများကို ဤဘဝရောက်လာ ခြင်းကပင် နှိမ့်ချဆက်ဆံပြီး လူရာသွင်းစရာ မဟုတ်ဆိုသည့် လူ့ဘောင်များရှိနေသရွေ့ သူတို့ဘဝကို အမှောင်ထဲသို့ မရောက်ရောက်အောင် တွန်းပို့နေသလိုသာ ဖြစ်နေသည်။ လူကုန်ကူးခြင်းသည် ဗိုင်းရပ်ကဲ့သို့ ကြောက်စရာကောင်းသည့် ကူးစက်ရောဂါကြီးတစ်ခု ဖြစ်နေပါသည်။ အမျိုးသမီးနှင့် ကလေးများကို အဓိကပစ်မှတ်အဖြစ် ထားနေခြင်းကလည်း အလွန်ရွံရှာ မုန်းတီးစရာ ကိစ္စတစ်ခုဖြစ်နေသည်။ လူကုန်ကူးမှု အများစုတွင် မိန်းကလေးများနှင့် ကလေးများကို လိင်ဖျော်ဖြေရေးအတွက် အသုံးပြုနေကြသည် ဆိုခြင်းမှာလည်း ကမ္ဘာကြီး၏ မရှက်သေးသော လုပ်ငန်းများဖြစ်သည်။

 

ကိုယ်တွင်းအင်္ဂါဈေးကွက်ပေါ်ပေါက်လာ

 

ခေတ်သစ်၏ အဆိုးဆုံးနှင့် လူမဆန်ဆုံးလုပ်ရပ်မှာ လူသားအရှင်လတ်လတ်ဝယ်ပြီး ကိုယ်တွင်းအစိတ်အပိုင်းများကို ထုတ်ရောင်းနေခြင်းဖြစ်သည်။ အလွန်ထိတ်လန့်စရာလုပ်ငန်း အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ နှစ်စဉ် ကျောက်ကပ် ထုတ်ယူရန်အတွက် လူသားကို ကုန်ကူးနေကြသည်မှာ သောင်းဂဏန်းအထိ ရှိလာသည်။ ကျောက်ကပ်ထုတ်ယူရန် တရားမဝင် မှောင်ခိုဈေးကွက်သို့ ရောက်လာသူပေါင်း၇၀ဝ၀ ကျော်ရှိသည်။ ကျောက်ကပ်အစားထိုးရန် လိုအပ်ချက်တွေ များနေခြင်းက ဈေးကွက်တစ်ခုဖြစ်လာရသည်။ အထူးသဖြင့် ရွှေ့ပြောင်းဒုက္ခသည်များ နေထိုင်ရန် စခန်းများအတွင်း ကျောက်ကပ်ထုတ်ရောင်းမှုတွေ အများဆုံးဖြစ်လာသည်။ ခန္ဓာကိုယ်အတွင်း အစားထိုးရန် လိုအပ်လာလျှင် ဒုက္ခသည်စခန်းများ သို့ သွားနေကြသည်။

 

ကမ္ဘာအနှံ့ကလေးများကို မွေးစားသလိုဖြင့် စာချုပ်စာတမ်း များချုပ်ကာ ခေါ်သွားပြီး ကျွန်ပြုနေခြင်းဖြစ်သည်။ ကမ္ဘာ့မိဘမဲ့ ကလေးပေါင်း ၈ သန်းကျော်သည် သူတို့ဘဝတွေကို ဖြစ်သလိုရပ်တည်နေကြရသည်။ နီပေါ၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ယူဂန်ဒါ၊ ဂွါတီမာလာနှင့် ဟေတီတို့တွင် မွေးစားအဖေများ၊ အမေများ ပေါ်လာသည်။ သူတို့က စာချုပ်များဖြင့် ကြင်နာချင် ယောင်ပြုကာ ကလေးများကို ခေါ်ထုတ်နေကြသည်။ ထိုကလေးများ၏ အရေးကလည်း ၂၁ ရာစုတွင် ရင်လေးစရာတစ်ခုအဖြစ် ရှိနေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် အာရှနှင့် ပစိဖိတ်ဒေသတွင်ရှိပြီး အများစုမှာ စိုက်ပျိုးရေးကဏ္ဍများ၌ အလုပ်လုပ်ကိုင်နေကြရသည်။ ကလေးသူငယ်များသည် ငယ်ရွယ်စဉ်ဘဝတွင် ပညာသင်ယူခွင့် မရရှိဘဲ ခက်ခဲကြမ်းတမ်းသော လုပ်ငန်းခွင်ထဲ ရောက်ရှိသွားပါက နောင်တစ်ချိန်တွင် ဘဝအာမခံချက်မရှိသည့် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိကြရသည်။

 

ကျောင်းနေရွယ်ကလေးများအားလုံး ကျောင်းနေထိုင်ရေး

 

ကလေးလုပ်သားများ လျှော့ချရေးအတွက် လုပ်ဆောင်ရာ၌ ၎င်းတို့ကို လုပ်ငန်းခွင်မှ ရှာဖွေဖော်ထုတ်ဖယ်ရှားပစ်ရုံဖြင့် ကလေးအလုပ်သမားများပပျောက်ရန် မဖြစ်နိုင်သဖြင့် ကလေးလုပ်သားများ လျော့နည်းပပျောက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး အခမဲ့ ကျောင်းတက်နိုင်ရေး၊ ကလေးသူငယ်များအား ကူညီစောင့် ရှောက်ပေးမည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုများပြား လာရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးတို့ကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါမှ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ လုပ်ငန်းခွင်အတွင်းမှ လျော့ပါးသွားမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။

 

မေယု မျိုးအောင် (MANA)