ကျောက်မြောင်း  ၂၈ မေ


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ကိုးပင်ကျေးရွာတွင်  မေ ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က  မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်များအမိုးလန်ပျက်စီး၍  သစ်ပင်များ ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်က ပြောကြားသည်။


 စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် မေ ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ခန့် က  ရွှေဘိုမြို့နယ် မီးသတ်စခန်း၏ အရှေ့ဘက် ၁၁ မိုင်ခန့်အကွာ  ကျောက်မြောင်းနယ်မြေ မီးသတ် စခန်း၏ အနောက်ဘက်  ၉ မိုင်ခန့်ကွာဝေးသော ကိုးပင်ကျေးရွာတွင်  မိုးသည်းထန်စွာ ရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  သွပ်မိုးထရံကာ မြေစိုက် (၂၄ × ၁၆ ×  ၁၂) ပေ လူနေအိမ် (၆)လုံးမှာ အမိုးလန်၊ ရေဝင်ခဲ့ပြီး   လူနေအိမ် (၉) လုံးမှာ  သွပ်လန်ခြင်း    နှင့်    (၇၀ × ၂၀ × ၁၅)ပေ ထန်းရွက်မိုး ဝါးကြမ်းခင်း ကြက်ခြံ(၁)ခြံ အမိုးလန်ပြီး ကြက်ကောင်ရေ ၃၀ဝ ခန့် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်သည့်နေရာသို့  ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်  ဦးဆောင်သော ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၈ ဦး မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့်  ကျောက်မြောင်းနယ်မြေမီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်  ၄ ဦး  မီးငြှိမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်၍  ရွာအဝင်လမ်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေသော နဘဲပင် လုံးပတ်(၅)ပေ  အရှည် ပေ (၇၀)အား  ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရာ ည  ၈ နာရီအချိန်တွင် ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။


မိုးသောက် (ရွှေဘို)

 

1