မန္တလေး ၂၈ မေ
မန္တလေးမြို့၏စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအခြေခံ အဆောက်အဦများ ပါဝင်သည့် Mixed-Use Development Project စီမံကိန်း ပန္နက်ရိုက်ခြင်း အခမ်းအနားကို ယနေ့မနက် ၈ နာရီမှာ ကျင်းပပြုလုပ်ခဲ့သည်။
ဘက်စုံသုံး အဆောက်အဦ စီးမံကိန်းကို Capital Diamond Star Group နှင့် စင်္ကာပူနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းနှင့် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်သည့် Perennial Real Estate Holdings Limited ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
‘ကောင်းမွန်တဲ့ Mixed-Use ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ အများပြည်သူ အပန်းဖြေအနားယူနိုင်မယ့် နေရာတွေလည်း ပါဝင်ပါမှာဖြစ်ပါတယ်’ ဟု Capital Diamond Star Group ၏ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုကြီးကပြောသည်။
ဘက်စုံသုံး အဆောက်အဦစီမံကိန်းကို ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြားတွင် ဆောက်ရွက်မည်ဖြစ်ပြီး Innovation Center ၊ နိုင်ငံတကာ အဆင့်မီ Shopping Mall ၊ Exclusive luxury villa enclave တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Capital Diamond Star Group နှင့် Perennial Real Estate Holdings Limited တို့သည် PPP စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအား စင်ကာပူနိုင်ငံက ဗိသုကာလုပ်ငန်းတစ်ခုဖြစ်သော DP Architects မှ ပုံစံရေးဆွဲပေးမည်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုအတွက် ကုန်ကျစရိတ်မှာ ငွေကျပ် ၉၀ ဘီလီယံဖြစ်ပြီး လုပ်ငန်းလည်ပတ်ချိန်မှ တစ်လအတွင်း သန်း ၂၀ဝ၀ အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အား တင်သွင်းရမည်ဖြစ်သည်။ စီမံကိန်းတွင်ပါဝင်မည့် Shopping Mall အတွက် နှစ်စဉ်ငှားရမ်းခအနေဖြင့် မြန်မာကျပ်ငွေ သန်း ၁၀ဝ၀ အား နှစ်စဉ်ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးရက်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အားတင် သွင်းရမည်ဖြစ်သည်။
Commercial Complex စတင်လည်ပတ်ချိန်မှစပြီး ငှားရမ်းခများဆိုင်ရာ အသားတင်အမြတ်ငွေ ၅ ရာခိုင်နှုန်းအား အမြတ်ငွေခွဲဝေမှုအဖြစ် ပေးသွင်းရမည်ဖြစ်သည်။ စီမံကိန်းကာလကို သဘောတူစာချုပ်လတ်မှတ်ရေးထိုးသည့်နေ့မှစပြီး နှစ်နှစ်ခွဲအတွင်း ဒီဇိုင်းပုံစံများ ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ တည်ဆောက်မှုလုပ်ငန်းများ အပြီးဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
Mixed-Use Development စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့က အခုလ ၃ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
‘မန္တလေးတိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ရရှိစေနိုင်ပြီး မန္တလေးမြို့မှာ စီးပွားရေး အခြေခံအဆောက် အဦးတွေဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လူငယ်များအတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာအသစ်များ မျှဝေသွားနိုင်မယ့် Innovation Center၊ Education Center၊ မြို့နေပြည် သူများအတွက် ကျန်းမာရေး၊ လူမှုရေးကဲ့သို့ အဖွဲ့လိုက်လှုပ်ရှားမှုများအား တနေရာတည်းမှာ စုစည်းတွေ့ဆုံနိုင်မည့် Community Center တွေလည်း ပါဝင်မှာဖြစ်တဲ့အတွက် မြို့နေပြည်သူတွေ အများကြီးအကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတယ်’ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။
စီမံချက်ဆောင်ရွက်မည့် မြေနေရာဟာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ Mandalay Investment and Development Group Limited တို့ အကျိုးတူပူး ပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် Mandalay Convention and Commercial Complex စီမံကိန်းပါ မြေဧရိယာတွေထဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမည်ပေါက်ဖြင့် ပြန်လည်ရယူထားသည့် မြေနေရာဖြစ်သည်။
အိမို့မို့ခိုင်