ရေတာရှည်  ၂၈ မေ


ယခုရက်ပိုင်း ရေတာရှည်မြို့နယ်အတွင်း ပဲခူးရိုးမဘက်ဆီမှ ကြက်တူရွေးအုပ်များ ဝင်ရောက်လာ ခြင်းကြောင့် ပြောင်းစိုက်ပျိုးသည့်တောင်သူများ စောင့်ကြည့်နေကြရကြောင်း သိရသည်။


အနောက်သစ်တောကြိုးဝိုင်းဒေသ မရိုးခုံရွာဝန်းကျင်ရှိ ပြောင်းစိုက်ခင်းများအား ကြက်တူရွေးအုပ်များ ကျရောက်စားသောက်လျက်ရှိ၍ နေ့စဉ်ခြောက်လှန့် မောင်းထုတ်နေရကြောင်း သတင်းများ ကြားရပြီးနောက် မြေပြန့်ဒေသအထိ ဝင်ရောက်လာခြင်းဖြစ်သည်။ 


"ကျွန်တော်တို့ ဆွာဆည်တမံ မြောက်ဘက်ခြမ်း ကျွန်းတောစုရွာဟောင်းဘက်မှာ ညဆိုလာအိပ်တယ်။ တောထဲနေတဲ့ ကလေးတွေကတော့ ညဘက်ဆို လေးဂွနဲ့လိုက်ပစ်ပြီး ချက်စားကြတာပဲ ပြောင်းစိုက်တဲ့သူတွေ သတိထားရမှာ ကြက်တူရွေးအုပ်ကျသွားရင် အခင်းလိုက်ပျက် ကုန်တာ" ဟု အင်ကျင်းကုန်း ကျေးရွာနေ ဦးမြင့်ဌေး က ပြောကြားသည်။


ပြောင်းစိုက်ပျိုးသူအများစုမှာ စစ်တောင်းမြစ်ကြောင်း တစ်လျှောက်တွင် အများဆုံးဖြစ်ပြီး ကြက်တူရွေး အုပ်များဝဲနေမှုကြောင့် နေ့လည်နေ့ခင်းဘက်တောင် အိပ်ချိန်မရဘဲ စောင့်ကြည့် နေရကြောင်း ဆွာတောင်ကမ်း ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။


" အကောင်ရေကတော့ ဘယ်လောက်ရယ်လို့မမှန်းတတ်ဘူးဗျာ။ အုပ်လိုက်အုပ်လိုက် ဆူညံပွက် လော ရိုက်နေတာပဲ ပြောင်းခင်းထဲကျရင် မလွယ်ဘူးလေ။ နုတ်သီးနဲ့ခွာပြီးစားတာ အဖူးတွေက ရင့်နေကုန်ပြီ။ နေ့လည်နေ့ခင်းအိပ်ချင်တာတောင်မအိပ်ရဘူး။ ဘယ်ကနေဘယ်လိုရောက်လာမှန်းကို မသိတာ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။


ကိုလွင်(ဆွာ)