ရိခေါ်ဒါရ် ၂၈ မေ
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဖွင့်လှစ်ကျင်းပသည့် “ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်” သင်တန်းဖွင့်ပွဲအခမ်း အနားကို မေ ၂၇ ရက် နံနက် ၉ နာရီတွင် ရိခေါ်ဒါရ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဖလမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ မြတ်လင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်း၌ သင်ကြားပို့ချပေးသွား မည့် အဓိကဘာသာရပ်များနှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့စည်ပင် သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်ပြည်သူများနှင့် မွေးမြူရေးလုပ်ငန်း ဝါသနာရှင် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် “ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်” ဘာသာရပ်၊ မွေးမြူထားသည့် တိရစ္ဆာန်များ ကျန်းမာသန်းစွမ်းဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်ရေး၊ မွေးမြူရေးစနစ်မှန်ကန်ရေး စသည့် ဘာသာရပ်များအပြင် မိသားစုတစ်ပိုင် တစ်နိုင်မွေးမြူရေးနှင့် စီးပွားဖြစ်မွေးမြူနိုင်ရေးအတွက် တိရစ္ဆာန်ပြုစုစောင့်ရှောက်နည်း၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးစသည့်ဘာသာရပ်များကိုပါ သင်ကြား ပို့ချပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ တိရစ္ဆာန်မွေးမြူရေး ဝါသနာရှင်ပြည်သူ သင်တန်းသား/သူ ၂၀ တက်ရောက်ခဲ့ပြီး ဖလမ်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လင်းမှ သင်ကြားပို့ချခဲ့ကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။
MDN