နေပြည်တော် ၂၈ မေ
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား Exchange of Letters လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်တွင်ကျင်းပသည့် တတိယအကြိမ်ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအပြီးတွင် နေရပ်စွန့်ခွာသူ (၂၂၄၃၂) ဦးနှင့်ပတ်သက်၍ လိုအပ်သောစိစစ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုံးပွင့်ဆိုင် MoU စာချုပ်အရ UNDP နှင့် UNHCR တို့မှ ဝန်ထမ်းများပါဝင်သည့် အကဲဖြတ်အဖွဲ့၏ ဆန်းစစ်ချက်များအရ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စုမှ ကျေးရွာပေါင်း (၁၀)ရွာနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကျေးရွာပေါင်း (၁၄)ရွာတို့တွင် ပထမအသုတ် Community - Based Project (၃၅) ခုအနက်မှ (၂၁)ခု၏ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅)အုပ်စုမှ ကျေးရွာပေါင်း(၂၀)ရွာနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စုမှ ကျေးရွာပေါင်း (၁၅)ရွာတို့တွင်ဆောင်ရွက်မည့် ဒုတိယအသုတ် Community - Based Project (၃၆) ခုအနက်မှ (၁၃)ခု၏ လုပ်ငန်းဆောင်ရွက်ခွင့်တို့ကို ယခုနှစ် ဧပြီ(၁၉)ရက်အထိ နယ်မြေဒေသလုံခြုံရေးအခြေအနေ လေ့လာဆန်းစစ်စုံစမ်း၍ ဆောင်ရွက်ရန် ခွင့်ပြုပေးထားခဲ့ပါကြောင်း။
ထို့ပြင် သုံးပွင့်ဆိုင် MoU အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ကွင်းဆင်းအကဲဖြတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စုများကိုလည်း အတည်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် သုံးပွင့်ဆိုင် MoU အား တစ်နှစ်သက်တမ်းတိုး၍ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးသည့် UNDP နှင့် UNHCR တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဒုတိယဌာနေကိုယ်စားလှယ် Ms. Dawn Del Rio တို့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဒုတိယ ဌာနေကိုယ်စားလှယ် Ms. Dawn Del Rio တို့က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးစိုးအောင်တို့ ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့အကြား နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၆)ရက်တွင် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ရာ ယင်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ယခင်နားလည်မှုစာချွန်လွှာအား ၂၀၁၉ ခုနှစ်၊ ဇွန် (၆)ရက်မှ ၂၀၂၀ ခုနှစ်၊ ဇွန် (၅)ရက်အထိ (၁)နှစ်သက်တမ်းတိုးမြှင့်၍ Exchange of Letters လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်