ရန်ကုန် ၂၈ မေ

 


ဧပြီလလယ်က မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုဒေသရှိ ဖန်ဂရန်ရာဇီတောင်ထိပ်သို့ တက်ရောက်ခဲ့ပြီး တောင်ထိပ်မှအပြန်ခရီးတွင် တောင်အောက်သို့ ပြုတ်ကျသွားခဲ့သော မစိမ့်ထက်နှင့်ပတ်သက်၍ ဥပဒေကြောင်းအရသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

မပကကု

 


“သင်္ဂြိုဟ်ဖို့ကတော့ လောလောဆယ်မသိရသေးဘူး။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရပြောရင်တော့ အဖွဲ့ခေါင်းဆောင်တွေက သူတို့ပေါ့လျော့မှုကြောင့် ကျွန်တော့်သမီးက မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးတယ်ဆိုတာ ပေါ်လွင်အောင်တော့ ရေးပေးရမှာပေါ့။ အဓိကဖြစ်တဲ့နေရာမှာ တောင်တက်ကြိုး အသုံးမပြုတဲ့အတွက် ကျွန်တော့်သမီးဆုံး ရှုံးခဲ့ရတယ်။ ကျွန်တော်ကတော့ ဥပဒေကြောင်းအရ သွားမှာပေါ့”ဟု မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပူတာအိုမြို့မှ ဖုန်းဖြင့်ဖြေကြားပေးသည်။

 


မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒုတိယအကြိမ်မြောက် ရှာဖွေကယ်ဆယ်ရေး ခရီးစဉ်ကို မကြာမီရက်ပိုင်းက မိသားစုနှင့်တိုင်ပင်၍ ပြန်လည်စတင်ခဲ့ရာ မေလ ၂၄ ရက်နေ့မှာတော့ စိမ့်ထက်၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ပူတာအိုဆေးရုံသို့သယ်ဆောင်ကာ ဆရာဝန်နှင့် ရဲစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦးက “ပထမအကြိမ်ရှာဖွေရေးကော်မတီမှာ ကျွန်တော်ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး နည်းစနစ်မှူး ရှာဖွေရေးခေါင်းဆောင် ပြန်ကြားရေးတာဝန်ခံ စုစုပေါင်း ၄ ဦး ပါဝင်ပြီး တောင်ပေါ်တက်ရှာဖွေရေးမှာတော့ ၁၄ ယောက် ပါဝင်ပါတယ်။ အဲဒီတုန်းကတော့ ဂျာကင်နဲ့ဦးထုပ်ပဲတွေ့တယ်။ ဒီတောင်က ၁၁၈၀ဝ စွန်းစွန်းရှိတယ်။ ပထမအကြိမ်တုန်းက ရာသီဥတုအရမ်းဆိုးတော့ ကျွန်တော်တို့ပြန်လာရတယ်။ ဒီလ ၁၈ ရက်နေ့မှာ နောက်တစ်ကြိမ်ထပ်သွားရှာတော့ ၂၄ ရက်နေ့မှာ မစိမ့်ထက်ရဲ့ရုပ်အလောင်းကို တွေ့ပါတယ်။ တွေ့တဲ့အချိန်က မနက် ၉ နာရီလောက်ပါ။ မနေ့က ၂၇ ရက်နေ့က ပူတာအိုကို Dead Body ပြန်သယ်လာပါတယ်။ ပူတာအိုဆေးရုံရောက်တယ်။ ကျွန်တော်တို့စုံစမ်းတွေ့ရှိချက်ကတော့ ပေ ၁၃၈၀ဝ နှင့် ၁၄၀ဝ၀ ကြားမှာ သူပြုတ်ကျသွားတာ။ ဂျက်ကင်နဲ့မျက်မှန်ကတော့ ၁၃၀၁၆ ပေမှာတွေ့တယ်။ ရုပ်အလောင်းကိုတော့ ပေ ၁၁၈၀ဝ မှာရှိတဲ့ ရေကန်လေးနားမှာတွေ့တယ်" ဟုပြောသည်။

 

ုူပျါျ

 


ယခုအခါ ရုပ်အလောင်းကို ပူတာအိုဆေးရုံတွင်ထားရှိပြီး မြစ်ကြီးနားဆေးရုံမှ ရောက်ရှိလာမည့် မှုခင်းဆရာဝန်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ ဒုတိယအကြိမ် တက်ရောက်ခဲ့သော ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွင် တောင်တက်အဖွဲ့ဝင်ဟောင်းများနှင့် ကျွမ်းကျင်သော လမ်းပြများပါဝင်ခဲ့ကြောင်း၊ ဦးလဝမ်ထိန်ဦးဆောင်သော ဒေသခံရှာဖွေရေးအဖွဲ့ဝင် ၈ ဦးတို့က ရုပ်အလောင်းအား စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

 


ပထမအကြိမ် ရှာဖွေကယ်ဆယ်ရေးကို လူသားချင်းကိုယ်ချင်းစာသည့် စိတ်ဓာတ်ဖြင့် ကယ်ဆယ်ရေးကော်မတီ အမြန်ဖွဲ့၍ ကိုယ်ပိုင်ငွေကြေး၊ တာဝန်ယူမူ တာဝန်ခံမူများဖြင့်  ဦးကျင်ဦး ဒုတိယဥက္ကဋ္ဌ (မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်း) တစ်ဦးတည်းမှ  ဦးဆောင်၍ ကယ်ဆယ်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ် ရှာဖွေကယ်ဆယ်ရေးကို ဦးကျင်ဦး ဒုတိယဥက္ကဋ္ဌ (မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အသင်း) အကြံဉာဏ်ပေး  ဦးဆောင်လမ်းပြ၍ မိသားစုမှ  ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ဖန်ဂရန်ရာဇီတောင်သို့ မစိမ့်ထက်အပါအဝင် တောင်တက်သူများအား ဦးဆောင်ခေါ်ဆောင်သွားသူမှာ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပန်းသီး(ခေါ်) ကိုဇော်ဇင်ခိုင်ဖြစ်ကြောင်း သိရသည်။

 


"လောလောဆယ်သတင်းရတာတော့ မနက်ဖန်နေဝင်လောက် သင်္ဂြိုဟ်မယ်။ ပူတာအိုမှာလို့တော့ကြားတယ်။ သင်္ဂြိုဟ်ပြီးတော့မှ သူမိဘရဲ့ဆန္ဒနဲ့အညီ သတင်းဓာတ်ပုံတွေ ဖြန့်ဝေမယ်လို့သိရပါတယ်။ လောလောဆယ် ဓါတ်ပုံတွေက မရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရင် သေမှုသေခင်းစစ်ဆေးချက်တွေ ယူပြီးတော့ တရားစွဲမယ်လို့တော့ ကြားထားတယ်။ အပြစ်ရှိတယ်လို့ ယူဆနိုင်တဲ့တစ်ချက်က သူတို့တစ်ဖွဲ့လုံးပြန်ဆင်းလာလို့ မစိမ့်ထက်ပြုတ်ကျတဲ့ ကိစ္စနဲ့ပတ်သက်လို့ တစ်ရက်နှစ်ရက် လောက်မစောင့်ဘဲ ပြန်ဆင်းလာတဲ့ကိစ္စ တစ်ချက်ပါပဲ။ ပုံမှန်ကြုံတွေ့လေ့ရှိတဲ့ မတော်တစ်ဆမှုပါ။ မရိုးမသားတော့ ဘာမှမရှိပါဘူး။ ပုံမှန်ကြုံတွေ့ရလေ့ရှိတဲ့ မတော်တစ်ဆလေးကို ပါဝင်တဲ့အဖွဲ့တွေက လူသားချင်းစာနာတဲ့အနေနဲ့ တစ်ရက် နှစ်ရက်စောင့်ပြီး ရှာဖွေရေးလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ  မတော်တစ်ဆဖြစ်သွားတဲ့အချိန်မှာ  တစ်ရက်နှစ်ရက်စောင့်ကြည့်ပြီးတော့ ကယ်ဆယ်ရေးရှာဖွေရေးလုပ်ရမယ့်ဟာကို  ချက်ချင်းဆင်းလာတဲ့ တစ်ချက်ပါပဲ"ဟု ပူတာအိုမြို့မှ အခြားတောင်တက်အဖွဲ့မှ တောင်တက်လမ်းပြ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးယောဆက်က ပြောသည်။

 

ကချင်ပြည်နယ် ပူတာအိုရှိ ဖန်ဂရန်ရာဇီတောင်သို့ မစိမ့်ထက်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော The Summiter တောင်တက်အဖွဲ့သည် ဧပြီလ ၆ ရက်တွင် ထွက်ခွာတက်ရောက်ခဲ့ကာ ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းတွင် တောင်ထိပ်သို့ရောက်ရှိခဲ့ပြီး မနက်ကိုးနာရီကျော်တွင် တောင်အောက်သို့ပြန်ဆင်းရာမှ မစိမ့်ထက် ခြေချော်ကာ တောင်အောက်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ယခုအခါ မစိမ့်ထက် ရုပ်အလောင်းအား ၎င်း၏ မိဘဆွေမျိုးများက ပူတာအိုမြို့သို့ရောက်ရှိကာ သင်္ဂြိုဟ်မည့်အစီအစဉ်နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


သတင်း- မြင့်မောင်စိုး၊ ထင်ပေါ်ဝင်း
ဓါတ်ပုံ- မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်