ဘုတ်ပြင်း ၂၉ မေ
 
          
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် တောင်သူပညာပေး ကော်ဖီနှင့်မှိုသီးနှံ စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းစိုးက ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ ဥယျာဉ်ခြံမြေတွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီကို ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးတတ်စေရန်နှင့် မှို စိုက်ပျိုးရေးနည်းပညာများဖြင့် အခြားဝင်ငွေများ ရရှိစေသည့်ရည်ရွယ်ချက်ဖြင့် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
          

ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ စိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူများ တောင်သူကြီးများ တက်ရောက်ကြသည်။ သင်တန်းကို မေလ၂၉ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ  (၄)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပိုချသွားမည့်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN