မင်းလှ ၂၈ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးနှင့် လျှပ်စစ်ဝိုင်ယာရှော့ကြောင့် မီးလောင်မူ၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မေ ၂၇ ရက် မွန်းလွဲ ၃ နာရီက မင်းလှမြို့နယ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူး ဦးရဲမြင့်နှင့် ဝန်ထမ်းများအားတွေ့ဆုံကာ ထပ်ဆင့်အသံလွှင့်စက်များတွင် လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားမူ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိမူ၊ မီးသတ်ရေလှောင်ကန်ထားရှိမူ အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကာ လျှပ်စစ်ဝိုင်ယာများနှင့် မီးခလုတ်များသုံးစွဲရာတွင် စည်းကမ်းချက်များအတိုင်း လိုက်နာသုံးစွဲရန်အချက်များနှင့် ရှောင်ရှားရန်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေး ပြောကြားသည်။
ယင်းနောက် စက်ရုံဝန်းရှိ အဆောက်အဦးများ၊ ထပ်ဆင့်လွှင့်စက်ခန်းများ၊ ဝန်ထမ်းအိမ်ရာများ၊ မီးစက်ခန်း၊ ထရန်စဖော်မာတို့တွင် လျှပ်စစ်ဝိုင်ယာကြိုးများ တပ်ဆင်ထားခြင်းတို့အား စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းနှင့် အရေးပေါ်အခြေအနေတွင် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များအား ထင်သာမြင်သာသော နေရာများတွင် ချိတ်ဆွဲထားရှိရန် အကြံပြုခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)