နေပြည်တော် ၂၉ မေ  


အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ ဌာနအကြီးအကဲများ၊ အလုပ်သမားရေး ရာဆက်ဆံရေး ဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးများ၊ အထူးစီးပွားရေးဇုန်ရုံးများ၊ မြို့နယ် တာဝန်ခံအရာရှိများ၊ ရုံးချုပ်(နေပြည်တော်)ရှိ အရာထမ်းများနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက် ရှိသောမြို့နယ် တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။


ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား မကြာမီ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းသွားမည်ဖြစ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တာဝန်ခံအရာရှိများအနေဖြင့် ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ သိရှိသင့်သည့် အချက်များအား နားလည်သိရှိစေရန်အတွက် တာဝန်ရှိသူများက ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေကြသော တာဝန်ခံအရာရှိများအနေဖြင့် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းချက်များ၏ ဆိုလိုသည့် အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိရှိမှသာ မိမိတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မှန်ကန်စွာ ညှိနှိုင်းဖြေရှင်းဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေအပါအဝင် အလုပ်သမားဥပဒေများသည် လုပ်ငန်းခွင်ရှိ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် သာမက လူမှုတရားမျှတပြီး လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်စေရန်၊ လုပ်ငန်းခွင်ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်စေရန်နှင့် ထိုမှတဆင့် လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို စည်းကြပ် အကောင်အထည်ဖော် ဆောင်ရွက်နေကြတဲ့ တာဝန်ခံအရာရှိများအနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက်များကို ရှင်းလင်းဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိရှိစေပြီးဥပဒေ၏ ရည်ရွယ်ချက်အပေါ် အောင်မြင်စွာအကောင် အထည်ဖော်ဆောင် ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်ပတ်သက်၍ တာဝန်ရှိသူများက အလေးထားဆောင် ရွက်ရမည့်အချက်များ၊ အလုပ်ရှင်/ အလုပ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားမှုအပေါ် တက်ရောက်လာသည့် အရာထမ်းများကသိရှိလို သည့်အချက်များအား ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။


ယခုဆွေးနွေးပွဲသည် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် အဓိကအကောင် အထည်ဖော်ဆောင်ရွက်နေသည့် တာဝန်ခံအရာရှိများအတွက် ကြိုတင်ပြင်ဆင်လေ့လာနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သောဆွေးနွေးပွဲဖြစ်ကြောင်းသိရသည်။ 


(သတင်းစဉ်)

 

1