ဖားကန့် ၂၉  မေ    


ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက အ.ထ.က(ဖားကန့်)၊ ပညာရတနာခန်းမအတွင်း ကျင်းပစဉ် မြို့နယ်အတွင်း စာသင်ကျောင်းများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းရန် အလှူရှင်များက စုစုပေါင်း ငွေကျပ်သိန်း နှစ်ထောင့်သုံးရာငါးဆယ့်ကိုးသိန်းငါးသောင်းငါးထောင်တိတိကို သက်ဆိုင်ရာ ကျောင်းကော်မတီနှင့် ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထိန်လင်းက “ကျွန်တော်တို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ရဲ့လမ်းညွှန်မှုနဲ့ မြို့နယ်အတွင်း အမှန်တကယ် လိုအပ်ချက်ရှိနေတဲ့ ကျောင်းတွေရဲ့ စာရင်းအချက်အလက်တွေကို စနစ်တကျစုစည်းထားနိုင်လို့ အလှူရှင်တွေအနေနဲ့ ဘယ်ကျောင်းကဖြင့် ဘာလိုအပ်နေတယ်ဆို တာသိခဲ့ကြတာဖြစ်ပါတယ်၊ အခုလို စာသင်ကျောင်းတွေဖွံဖြိုးတိုးတက်ဖို့ အားတက်သရော လှူဒါန်းထောက်ပံ့ခဲ့ကြတဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။


အလှူရှင်များဖြစ်သည့် ကျောက်မျက်ကုမ္ပဏီများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက အချို့စာသင်ကျောင်းများ၏ ကျောင်းဆောင်ပြုပြင်ရေးလုပ်ငန်း များ ဆောင်ရွက်ရန်၊ ထပ်တိုးချဲ့ဆောင်များဆောက်လုပ်ရန်၊ ကျောင်းအဝင်လမ်းဆိုးသည့်ကျောင်းအတွက် လမ်းပြုပြင်ရန်၊ စားပွဲ၊ ထိုင်ခုံ၊ ကျောင်းသုံးစာရေးကိရိယာမှအစ လိုအပ်ချက်ရှိသည့် ကျောင်းများအား လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နှစ်စဉ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့တိုင်း အလှူရှင်များက မြို့နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းများ၏ လိုအပ်ချက်များအား ကြည့်ရှုထောက်ပံ့လေ့ရှိသည်။


အခမ်းအနားသို့ အမှတ်(၃၃)တပ်မမှူး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေက်မျက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


တာလင်းမောင်(ပြန်/ဆက်)

 

1