ကျောက်ပန်းတောင်း ၂၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား-တောင်ကလပ်ကျေးရွာတွင် ၊ မေ(၂၉) ရက်နေ့၊နံနက်(၇)နာရီက ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တောင်ကလပ်အခြေနှင့် နဂါးစောင်းတန်းတစ်လျှောက် အမှိုက်ကောက် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်ကျေးရွာတွင် နေ့စဉ်ဝင်ထွက်သွားလာနေသည့် ဘုရားဖူး ပြည်သူများ၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာယာစွာ အပန်းဖြေ အနားယူနိုင်စေရန်နှင့် တောင်ကလပ် ဝန်းကျင်အား ကောင်းမွန်သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်စေရန်အတွက် တောင်ကလပ်ဒေသခံ လူငယ်များ စုပေါင်း၍ ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့ကို တည်ထောင်ဆောင်ရွက်လျှက်ရှိသည်။
ထို့အပြင် အပတ်စဉ်သန့်ရှင်း ရေးဆောင်ရွက်နေသည့်အပြင် အခြားဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍လည်း အမှိုက်ကောက်သန့်ရှင်းရေးကို ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့တွင်လည်း မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် စည်ပင် သာယာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့နှင့် နဂါးစောင်းတန်းနှင့် တောင်ကလပ်အခြေဝန်းကျင်များတွင် နံနက်(၇)နာရီမှ နံနက်(၁၀)နာရီအထိ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်ရဲတပ်ဖွဲ့မှ မြို့ နယ်မှူး ရဲမှူးအောင်ဝင်းနိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်(၇)ဦး၊ ပုပ္ပားနယ်မြေရဲစခန်းမှ ရဲအုပ်လမင်းနှင့် တပ်ဖွဲ့ဝင်(၁၄)ဦး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖြိုးတင့်ခိုင်နှင့် ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများ(၈)ဦး၊ ပုပ္ပားနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံနှင့်တပ်ဖွဲ့ဝင်(၅)ဦး၊ တောင်ကလပ်ဂေါပကအဖွဲ့မှ(၂)ဦးနှင့် ငြိမ်းချမ်းရေး ပရဟိတအမှိုက်ကောက်အဖွဲ့မှ အသင်းဝင်(၂၇)ဦး စုစုပေါင်း(၆၃))ဦးဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး၊ ရရှိလာသည့် စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် အမှိုက်ကား(၂)စီး၊ ငြိမ်းချမ်းရေးပရဟိတအဖွဲ့ပိုင်ကား(၁)စီးတို့ဖြင့် သတ်မှတ်အမှိုက်ကျင်းသို့ ပို့ဆောင်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)