နေပြည်တော် ၂၉ မေ
မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက် ည ၇ နာရီ ၁၅ မိနစ်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ကောင်နန်ကျေးရွာအနီး၊ ဆိပ်မူ-ဝှေခါသွားလမ်း၌ ဝေဖြိုးငြိမ်း(ခ)အငယ်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ၀ ကိုလည်းကောင်း၊ အလားတူ ည ၁၀ နာရီ ၁၅ မိနစ်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာ၊ အမှတ်(၁၀)လမ်းသွယ်ထိပ်၊ မှော်ပုံ-ကံဆီးသွား ကားလမ်းမဘေး၌ ပလတ်စတစ်အိတ်ထုပ်ကိုတွေ့ရှိ၍ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၅ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ မေ ၂၇ ရက် မွန်းလွဲပိုင်းက ခန်သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာနှင့် ကညို့အင်းကျေးရွာသွားကားလမ်း၌ ကျော်ရင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁၁ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၄၁၀၆ ပြားတို့ကိုလည်းကောင်း၊ အလားတူ မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး ပြည်ထောင်စုသွား ကားလမ်းပေါ်တွင် ဂန်ဖန်မောင်းနှင်ပြီး အောင်ကျော်မိုး(ခ)ထွယ်ဆန်အောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ လည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ်၊ မန်ဟောင်းကျေးရွာ ကူးတို့ဆိပ်အနီး၌ တရုတ်နိုင်ငံသား ကော်ရှင်းရှော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ နှင့် ဘိန်းဖြူ ၁၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ကိုရဲ