ရန်ကုန် ၂၉ မေ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ် ကြံတောကျေးရွာ၌ တောင်ငူမြို့နယ် သမဝါယမ အသင်းစုမှစပါးဝယ်ယူပေးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံကာ သီးထပ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး တွဲဘက်လုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်လျက်ရှိသော စပါးဈေးနှုန်းများ အရတောင်သူ လယ်သမားများတွေ့ကြုံနေကြရသော အခက်မခဲများ ဖြေရှင်းနိုင်ရေးအတွက် မိမိတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ဝန်ကြီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အသင်းစုချုပ်များနှင့်ညှိနှိုင်း၍ ယာယီအစီအစဉ်တစ်ရပ်အနေဖြင့် သမဝါယမအသင်းများ၏ no profit ၊ no loss ဟူသောကျင့်စဉ်နှင့်အညီ သမဝါယမအသင်းသူအသင်းသားများအတွက် မျှော်မှန်းပြီး ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သမဝါယမအသင်းများက သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူပေးခြင်းဖြင့် တောင်သူများ ပင်ပန်းကြီးစွာ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများမျှတသည့် ဈေးနှုန်းရရှိရေးအတွက် သီးနှံဈေးနှုန်းထိန်းညှိပေးနေသကဲ့သို့ ဒုတိယတစ်သီးတွင် ဈေးကွက်အလားအလာရှိသည့် သီးနှံများရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သက်ဆိုင်ရာဌာနများကနည်းပညာနှင့် အကူအညီများ ကူညီပံ့ပိုးပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးကာလများတွင် ဖြစ်ပေါ်တတ်သည့် စစ်တောင်းမြစ်ရေရေကြီး ရေလျှံမှုသက်သာစေရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ယမန်နှစ်နွေစပါးရာသီတွင် စပါးဈေးတင်း ၁၀ဝ လျှင် ကျပ်ခြောက်သိန်းခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ်လေးသိန်းခွဲခန့်သာရှိရာတောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရှိရ၍ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းက အသင်းသားတောင်သူများထံမှ အစို ၁၄ ရာခိုင်နှုန်းနှင့် ဖုန်သဲခဲကင်းစင်ပါကသတ်မှတ် ဂိုဒေါင်အရောက် ကျပ်ငါးသိန်းဈေးပေး ဝယ်ယူလျက်ရှိကြောင်း၊ ယနေ့အထ ိတောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ စပါးတင်းပေါင်း ၇၅၆၆၃ တင်းဝယ်ယူပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့နယ် မိုးကောင်းကျေးရွာ တောင်သူဦးသန်မြင့်၏ ဘက်စုံပေါင်းစည်းလယ်ယာသို့ ရောက်ရှိကြပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံကာ လယ်ယာအခြေခံဘက်စုံကုန်ထုတ် သမဝါယမလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးပြီး စပါးအခြောက်ခံစက်ဖြင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှု၊ အသင်းသားတောင်သူများထံမှ စပါးများဝယ်ယူသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် တောင်ငူမြို့နယ် ဇီးဖြူပင်ကျေးရွာ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့် နေရာများတွင် ကမ်းစားကမ်းပြိုဖြစ်ပေါ်နေမှုအပေါ် တုတ်ရိုက်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီးသက် ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်