နေပြည်တော် ၂၉ မေ  

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ်  (Belt and Road Initiative Tax Administration Cooperation Mechanism - BRITACOM) တည်ထောင်သည့် နားလည်မှု စာချွန်လွှာတွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေးသည်။

 

1525

 

မြန်မာနိုင်ငံအနေဖြင့် BRITACOM စနစ်တွင် လေ့လာသူအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ စီမံကိန်းများကို ကာလရှည်တည်ဆောက် အကောင်အထည်ဖော်ရာတွင် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားဆက်ဆံရေးကို အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း၊  ရပ်ဝန်းနှင့်ပိုး လမ်းမစီမံကိန်းတွင် ပါဝင်သည့်နိုင်ငံများအကြား အခွန်စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းအားဖြင့် မိမိနိုင်ငံ၏ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြင့်လာနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ၎င်းက ယခု လက်မှတ်ရေးထိုးမည့် MoU တွင် ဥပဒေအရ စည်းနှောင်မှုများ ပါဝင်ခြင်းမရှိဘဲ MoU တွင်  BRITACOM စနစ်၏ အပိုင်း (၄)ခုဖြစ်သည့် BRITACOM ကောင်စီ၊ နှစ်စဉ်ကျင်းပမည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Belt and Road Initiative Tax Administration Cooperation Forum – BRITACOF)၊ လေ့ကျင့်ရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း၏ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့ (Belt and Road Initiative Tax Administration Capacity Enhancement Group – BRITACEG) နှင့် BRITACOM အတွက် ရုံးလုပ်ငန်းများကို လုပ်ဆောင်မည့် အတွင်းရေးမှူးရုံး (Secretariat) တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖော်ပြထားကြောင်း။

BRITACOM စနစ်အား ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သောနိုင်ငံများအကြား အခြေခံအဆောက် အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများ အပြန်အလှန် ဆောင်ရွက်ရာတွင် အခွန်ဆိုင်ရာအတားအဆီးများကို ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် အခွန်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊  BRITACOM တည်ထောင်သည့် နားလည်မှု စာချွန်လွှာအား ၂၀၁၉ ခုနှစ် ဧပြီ ၁၈ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၃၄)နိုင်ငံမှ တည်ထောင်သူ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံနှင့် အဖွဲ့အစည်း (၆)ခုမှ လေ့လာသူအဖြစ်လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative− BRI)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ကာဇက်စတန် နိုင်ငံ၌ စတင်အဆိုပြုခဲ့သော ပိုးလမ်းမ စီးပွားရေးရပ်ဝန်း (Silk Road Economic Belt) တည်ဆောက်ရေးနှင့် အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ အဆိုပြုခဲ့သော ၂၁ ရာစုရေကြောင်းပိုးလမ်းမကြီး (21st Century Maritime Silk Road) တည်ဆောက်ရေး စီမံကိန်းကြီးနှစ်ခုကို ပေါင်းစုထားသည့် စီမံကိန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဦးဆောင်အကောင်အထည်ဖော်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးသည်။

ယခုအခါ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၉ ခုသည် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် စာချုပ်များလက်မှတ်ရေးထိုးထားပြီးဖြစ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း။

MoU သည် ယခင်လက်မှတ်ရေးထိုးထားပြီးဖြစ်သော မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတွင် ပိုးလမ်းမ စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ကနဦး ရေကြောင်းပိုးလမ်းမ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တရုတ်−မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် မြန်မာ−တရုတ် နှစ်နိုင်ငံအစိုးရအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တို့နှင့်လည်း ညီညွတ်မှုရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် BRITACOM ၏ MoU တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန အပါအဝင်ဖြစ်သော ဆက်စပ်ဌာနများ၏ သဘောထားများကို တောင်းခံရယူခဲ့ကြောင်း၊ ထို့နောက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြပြီး ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၉)တွင် သဘောတူခွင့်ပြုချက်အရ  ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ အတည်ပြုချက်ရယူခြင်းဖြစ်ကြောင်း သိရသည်။

သတင်း- ဇင်ဦး(မြန်မာ့အလင်း)၊ 
ဓာတ်ပုံ - နေဝင်းထွန်း(မြန်မာ့အလင်း)