နေပြည်တော် ၂၉ မေ
ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင ့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက် (Objectives) မှာ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖြစ်ပေါ်ပြီး ပြည်တွင်း ပြည်ပ ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်များ ဖန်တီးနိုင်ရေးတို့ကို အထောက်အကူပြုရန် ဖြစ်ပါကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်မှာ ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရေးဖြစ်ပြီး အဓိက ရည်မှန်းချက်မှာ ပို့ကုန် မြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို ရရှိရန်ဖြစ်ပါကြောင်း။ ပို့ကုန် မြှင့်တင်ရာတွင် လက်ရှိ အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း။
ကုန်သွယ်မှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ(၃၃ ဒသမ ၅၃၈) ဘီလီယံ၊ ၂၀၁၈ ခုနှစ်(Mini Budget)တွင် အမေရိကန်ဒေါ်လာ (၁၈ ဒသမ ၆၇၉) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခု၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မေလ (၁၀) ရက်အထိ အမေရိကန် ဒေါ်လာ (၂၁ ဒသမ ၁၉၈) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပို့ကုန်တင်ပို့နိုင်မှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁၄ ဒသမ ၈၅၀) ဘီလီယံ၊ ၂၀၁၈ ခုနှစ်၊ (Mini Budget)တွင် အမေရိကန်ဒေါ်လာ (၈ ဒသမ ၈၂၁) ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (မေလ ၁၀ ရက်အထိ) အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၁၄၆) ဘီလီယံဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အဓိက ပို့ကုန်တိုးတက်သည့် ကဏ္ဍအနေဖြင့် CMP အထည်ချုပ်ကဏ္ဍဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ သန်း (၈၀ဝ) ကျော်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (မေလ ၁၀ ရက်အထိ) အမေရိကန်ဒေါ်လာ (၂ ဒသမ ၅၆၁) ဘီလီယံအထိ ပို့ကုန် (၃) ဆနီးပါး မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ အတည်မပြုနိုင်သေးသည့် သတင်းများအရ ယခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ အထိရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၆၉၉ ဒသမ ဝ၄ သန်းရှိလာသည့်အတွက် (၆၅)ရာခိုင်နှုန်းတိုးတက်လာပါကြောင်း၊ ငါးပုဇွန်ဂဏန်းမွေးမြူသည့် လုပ်ငန်းများ တိုးတက်လာသည့်အတွက် ရေထွက်ပစ္စည်းမှ ထုတ်ကုန်များတွင် ၂၀၂၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ တိုးတက်လာ မည်ဟု မျှော်မှန်းပါကြောင်း။ ဆန်စပါး တင်ပို့မှုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ တန်ချိန် ၃ ဒသမ ၅ သန်းအထိ တိုးတက်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ဆန်တင်ပို့မှု ၂ ဒသမ ၂သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းပါကြောင်း။
ကုန်သွယ်မှုလိုငွေ လျော့ကျအောင် ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၅ ဒသမ ၂၁၂) ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ(၃ ဒသမ ၈၃၆)ဘီလီယံ ထိလည်းကောင်း၊ ၂၀၁၈ ခုနှစ် (Mini Budget)တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ဝ၃၇)ဘီလီယံ ထိလည်းကောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ မေလ(၁၀)ရက်အထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (ဝ ဒသမ ၉၀၅) ဘီလီယံထိ လည်းကောင်း ကုန်သွယ်မှုလိုငွေသည် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ကုန်သွယ်မှုတိုးတက်စေရေးအတွက် ဖြေလျော့မှုများအဖြစ် ပို့ကုန်ပစ္စည်း အမယ် (၃၂) ခုနှင့် သွင်းကုန်ပစ္စည်းအမယ် (၄၉) ခု၊ စုစုပေါင်း ကုန်ပစ္စည်းအမယ် (၈၁) မျိုးအား Fully Online Licensing စနစ်ဖြင့် လျှောက်ထားရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ခြင်း၊ CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များကို Fully Online စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက် ပေးခဲ့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တစ်ဦးချင်းကုန်သွယ်ခွင့် မှတ်ပုံတင်လက်မှတ် (Individual Trading Card-ITC) များအား Manual စနစ်ဖြင့် ထုတ်ပေးလျက်ရှိရာမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ Online Application စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ခြင်း၊ မိမိနိုင်ငံမှ တင်ပို့သော ပို့ကုန်ပစ္စည်းများအတွက် ပင်ရင်းနိုင်ငံ ထုတ်ကုန်ဖြစ်ကြောင်း အသိအမှတ်ပြုထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ (Certificate of Origin-CO Form) များကိုလည်း Online CO Application System ဖြင့် ပြောင်းလဲထုတ်ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုများကို မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ချိတ်ဆက်၍ e-payment စနစ်ဖြင့် ချိတ်ဆက်မှုအပြင် MPU (POS) စနစ်ဖြင့် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ခြင်း၊ နိုင်ငံခြားကုမ္ပဏီများ၊ အစိုးရမဟုတ်သော ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြား ကုမ္ပဏီများ၏ ရုံးခွဲများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်စေရန်အတွက် ၎င်းတို့၏ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသော ပစ္စည်းများအား တင်သွင်းခွင့်ပြုပေးခဲ့ခြင်း၊ နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်းများကို ဆောင်ရွက်ခွင့်ပေးခဲ့ခြင်း၊ ကုန်စည်လိုင်း (၁၁၁၆၇) ခုရှိသည့်အနက် ပို့ကုန်အပိုင်းတွင် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း (၃၃၄၅) နှင့် သွင်းကုန်အပိုင်းတွင် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်လိုင်း (၄၆၁၃) သာ ထားရှိခဲ့ပြီး ကျန်ကုန်စည်လိုင်းများကို လိုင်စင်လျှောက်ထားရန်မလိုအပ်သော ကုန်စည်လိုင်းများအဖြစ် ဖြေလျှော့ဆောင်ရွက်ပေးခဲ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကုန်သွယ်မှုနှင့်သက်ဆိုင်သော ကဏ္ဍများအားလုံးကို လွှမ်းခြုံနိုင်မည့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် World Bank နှင့် GIZ တို့၏အကူအညီရယူကာ ကုန်သွယ်မှု ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၈)ဖြင့် အများပြည်သူထိခိုက်စေသော ဆင့်ပွားဈေးကွက်ဖြန့်ချီရေးစနစ် (Multilevel Marketing) လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ခြင်းကို တားမြစ်ကြောင်း ကြေညာခဲပြီး တိုက်ရိုက်ရောင်းချခြင်းဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆင့်ပွားဈေးကွက်ဖြန်ချီရေးစနစ်ကို တားမြစ်ထားသော်လည်း ဈေးကွက်အတွင်း ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် E-Trade Readiness Survey ကို UNCTAD အကူအညီနှင့် ဆောင်ရွက်ခဲ့ပြီး E-Commerce ထူထောင်ရေး၊ ဆိုက်ဘာ လုံခြုံရေးဥပဒေတွင် အီးကောမတ်ဆိုင်ရာ ပြဋ္ဌာန်းချက်များပါဝင်နိုင်ရေးကို ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း Digital Economy Association အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ဆန်တင်ပို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နယ်စပ်မှတစ်ဆင့်အများဆုံး တင်ပို့လျက်ရှိပါကြောင်း၊ နှစ်စဉ် တန်ချိန် (၁ ဒသမ ၅) သန်းခန့် နယ်စပ်မှတစ်ဆင့် တင်ပို့လျက်ရှိပါကြောင်း၊ ထိုသို့ တင်ပို့ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် ယူနန်ပြည်နယ်၊ ကူမင်းမြို့အစိုးရနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့အကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် ဆန်တင်ပို့ရန် Quota တန်ချိန် (၁) သိန်း ရရှိထားပြီး ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု ထိန်းချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ) တို့အကြား ချုပ်ဆိုခဲ့သည့် မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရာတွင် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်ပါ အချက်များနှင့် ကိုက်ညီစွာ စစ်ဆေးထုတ်လုပ်တင်ပို့သွားနိုင်ရေး အနီးကပ်ကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံ၏ ဆန်ဈေးကွက် ဝေစုရရှိရေးနှင့် ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆန်တင်ပို့မှုဆိုင်ရာ G to G Agreement များ လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်အပြင် ဆန်ကွဲအား တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံတွင် မှတ်ပုံတင်နိုင်ရေး တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)နှင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံမှ ဆန်များအား အိုင်ဗရိကို့စ်နိုင်ငံ အာဏာပိုင်များက စားသုံးရန်မသင့်ဟု ကြေညာ၍ ဖျက်ဆီးခဲ့သည့်ကိစ္စကြောင့် အာဖရိက နိုင်ငံများသို့ တင်ပို့နေသည့် မြန်မာ့ဆန်ဈေးကွက် မထိခိုက်စေရေးနှင့် ပြည်ပသို့ ဆန်တင်ပို့ရေး လုပ်ငန်းများတွင် စနစ်တကျဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအချိန်အထိ အိုင်ဗရိကို့စ် နိုင်ငံသို့ ဆန်တန်ချိန် (၇၈၃၉၀) တင်ပို့ထားခဲ့ပြီး အိုင်ဗရိကို့စ်နိုင်ငံအပြင် အခြားအာဖရိကနိုင်ငံများသို့ ဆက်လက်၍လည်း တင်ပို့လျက်ရှိပါကြောင်း။
ဈေးကွက်သစ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ NFA မှ ခေါ်ယူသော ဆန် တင်ဒါအောင်မြင်ခဲ့ပြီး တင်ပို့နိုင်ခဲ့ရာ ဆန်တန်ချိန် (၁၄၆၅၁၀) ကျော် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယင်းသည် မြန်မာနိုင်ငံက မကြာသေးမီကာလအတွင်းမှာ ရရှိခဲ့တဲ့ ဆန်ဈေးကွက်တစ်ခု ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေအများဆုံး ရှာဖွေပေးလျက်ရှိသည့် ပဲမျိုးစုံတိုးချဲ့တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထပ်မံသွားရောက်ခဲ့ပြီး ပဲမျိုးစုံအား နှစ်နိုင်ငံ G to G လက်မှတ်ရေးထိုးတင်ပို့နိုင်ရေး ထပ်မံညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (G to G) မတိုင်မီ အချက်(၃)ချက် တောင်းဆိုခဲ့ပါကြောင်း၊ ပထမအချက်အနေဖြင့် ယခုနှစ်အတွက် တင်သွင်းခွင့် ခွဲတမ်းထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန်ပေးရန်၊ ဒုတိယအချက်အနေဖြင့် မတ်ပဲကို ခွဲတမ်းပို၍ သတ်မှတ်ပေးရန်နှင့် တတိယအချက် အနေဖြင့် ခွဲတမ်းကို (၃) လသာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံး တင်သွင်းခွင့်ပြုပေးရန် တောင်းဆိုခဲ့ပါကြောင်း။
ထို့သို့ တောင်းဆိုခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၉-၃-၂၀၁၉ ရက်နေ့တွင် ပဲတီစိမ်း တန်ချိန် ၁ ဒသမ ၅ သိန်း၊ မတ်ပဲ တန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစဉ်းငုံ တန်ချိန် ၂ သိန်း၊ ပဲလုံး(Peas) တန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုကြောင်း အသိပေးချက် ထုတ်ပြန်ပေးခဲ့ပါကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် ပြည်တွင်း မတ်ပဲဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် (၉) သိန်း ဝန်းကျင်နှင့် ပဲစဉ်းငုံ တစ်တန်ဈေးနှုန်းမှာ ကျပ် (၁၀) သိန်း ဝန်းကျင်ခန့် ဖြစ်ပေါ်နေပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိနေပြီဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီးပွားရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့်အညီ ကာလတို၊ ကာလရှည် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများကို လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဌာန/အဖွဲ့အစည်းပေါင်း (၁၈) ခုရှိပါကြောင်း။
စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးမှု လိုအပ်ချက်များနှင့် ကမ္ဘာ့အဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်များချိန်ညှိကာ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း (MSDP) ကို မဏ္ဍိုင် (၃) ရပ်၊ ပန်းတိုင် (၅) ခု၊ မဟာဗျူဟာ (၂၈) ခု နှင့် လုပ်ငန်းစဉ် (၂၅၁) ခုတို့ဖြင့် ရေးဆွဲခဲ့ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ၊ နိုင်ငံ တော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့်ပုံစံ၊ ဖွံ့ဖြိုးမှုအကူအညီများ ဖြင့်ဆောင်ရွက်မည့်ပုံစံ၊ အခြားထောက်ပံ့မှုပုံစံများဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို Project Bank တွင် ထည့်သွင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနအနေဖြင့် တတိယ (၁)နှစ်တာကာလအတွင်း ခရိုင် (၂၄) ခရိုင်တို့ရှိ လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများကို မြေပြင်ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း။
ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်စီမံကိန်းများအတွက် အထောက်အကူပြုနိုင်ရန် သဘာဝဘေး အန္တရာယ်ဆိုင်ရာ မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း (၂၀၁၇) ၏ အဓိကညွှန်ကိန်းများ အစီရင်ခံစာ (Key Indicators Report) တို့ကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာ သိမ်းမော်တော်ယာဉ် (၃၄၃၇) စီး လက်ခံရရှိခဲ့ပြီး မော်တော်ယာဉ် (၃၉၇၃) စီးကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသို့ ခွဲဝေထုတ်ပေးခဲ့ပါကြောင်း။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံ၏ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုတို့နှင့် ပတ်သက်သည့် အထောက်အထားများဖြစ်သည့် မှတ်တမ်း၊ မော်ကွန်းများအား လုံခြုံစွာ ထိန်းသိမ်းထားရှိခြင်းကို ပြည်သူများ ပိုမိုသိရှိလာစေရေးအတွက် အခမ်းအနားများ၊ ဒေသဆိုင်ရာပြခန်းများတွင် ပါဝင်ပြသခဲ့ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်း၍ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာဘွဲ့လွန်သင်တန်းဌာနတွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) နှင့် ဒီပလိုမာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ခဲ့ပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် တတိယ (၁) နှစ်တာကာလအတွင်း MSME လုပ်ငန်းရှင် စုစုပေါင်း (၂၇၀) ဦးသို့ ငွေကျပ် (၁၃၆၇၁) သန်းအား ထုတ်ချေးခဲ့ပါကြောင်း။
JICA MSME Two-Step Loan ချေးငွေများကိုလည်း အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တတိယ (၁) နှစ်တာကာလအတွင်း MSME လုပ်ငန်းရှင် စုစုပေါင်း (၃၈) ဦးသို့ ငွေကျပ် (၆၀၆၅) သန်းအား ထုတ်ချေးခဲ့ပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်နှင့် Digital Money Myanmar Ltd, Wave Money တို့ အကျိုးတူ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဧပြီလမှစပြီး ဘဏ်ခွဲ (၈) ဘဏ်တွင် Wave Money စနစ်ဖြင့် Wave Money Agent များတွင် အငြိမ်းစားလစာ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် ကုမ္ပဏီများသို့ ကာလတို မြန်မာကျပ် ချေးငွေ (Kyat Lending) ထုတ်ချေးပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်အနေဖြင့် ဘဏ်၏ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ ပို့ကုန်နှင့်သွင်းကုန် လုပ်ငန်းကုမ္ပဏီများသို့ ကုန်သွယ်မှု ချေးငွေများ ထောက်ပံ့ခြင်း (Export and Import Trade Financing) နှင့် ပြည်သူများ ငွေကြေးလျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် OK$ ဖြင့် Mobile Payment ဝန်ဆောင်မှုတို့အား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၇၀၇ ဒသမ ၇၀ ဘီလီယံထုတ်ချေးခဲ့ရာမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၀၁၇ ဒသမ ၆၂ ဘီလီယံအထိ ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ဧကများစွာ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေနှင့် စိုက်ပျိုးရေး အထောက်အကူပြု လယ်ယာသုံး စက်ကိရိယာများဝယ်ယူနိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ မြို့နယ် (၁၅၆) မြို့နယ်မှ တောင်သူလယ်သမား (၂၂၂၅) ဦးသို့ ၂၀၁၉ ခုနှစ် ဧပြီ (၃၀) ရက်အထိ JICA Two Step Loan ချေးငွေ ကျပ်သန်းပေါင်း (၈၇ ဒသမ ၄၆) ဘီလီယံ ထုတ်ချေးပေးခဲ့ပါကြောင်း။
အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတောင်သူများ အပါအဝင် လုပ်ငန်းရှင်များသို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဧပြီ (၃၀) ရက်အထိ လုပ်ငန်းရှင် (၆၈၀) ဦးသို့ MEB Two Step Loan ချေးငွေ ကျပ်သန်း (၆ ဒသမ ၃၃) ဘီလီယံ ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အာမခံ အမျိုးအစားပေါင်း (၃၆) မျိုးကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဝင်ငွေကျပ် ၆၂ ဘီလီယံဖြစ်ပြီး တတိယ (၁) နှစ်တာ ကာလအတွင်း ဝင်ငွေ ကျပ် ၇၁ ဘီလီယံ ရရှိခဲ့သဖြင့် ယခင်နှစ် ထက် ၉ ဘီလီယံခန့် နိုင်ငံတော်အတွက် ဝင်ငွေပိုမိုတိုးတက် ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။
ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ၂၀၁၈ - ၂၀၁၉ ခု ဘဏ္ဍာနှစ်မှစတင်၍ ဘဏ္ဍာနှစ်ကို အောက်တိုဘာ (၁) ရက်မှ စက်တင်ဘာ (၃၀) ရက်အထိ ပြောင်းလဲပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို ၂၉-၄-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၁၈) ဖြင့် တိုးမြှင့်သတ်မှတ်နိုင်ခဲ့ပါကြောင်း။
ငွေတိုက်ဦးစီးဌာနအနေဖြင့် အစိုးရ၏ ဝယ်ယူရေးနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲရောင်းချရေးဆိုင်ရာ ဥပဒေအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများပူးပေါင်း၍ အပြီးသတ် မူကြမ်းရေးဆွဲနိုင်ခဲ့ပါကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီ တစ်စောင်ကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး တစ်ထောင်ကျပ်နှင့် ရောင်းချခဲ့ပြီး ဆုမဲများကို ကျပ်သိန်း ၁၅၀ဝ၀ ထိတိုးမြှင့်ပေးနိုင်ခဲ့ကာ အခြားဆုမဲများကိုလည်း ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများကို ယခင် Manual စနစ်နှင့် ဖိုင်များ၊ စာရွက်စာတမ်းဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိခဲ့ရာမှ မြန်မာအလို အလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) ကို မြဝတီကုန်သွယ်ရေးဇုန်တွင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
တရားမဝင်ကုန်သွယ်မှုများ လျော့ချရေးအတွက် အမြဲတမ်း စစ်ဆေးရေးစခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ အကောက်ခွန် စစ်ဆေးရေးစခန်းများ၊ ဆိပ်ကမ်း၊ လေဆိပ်၊ လေဆိပ်ကုန်ရုံနှင့် အကောက်ခွန် အထူးကင်းအဖွဲ့များမှ ဖမ်းဆီးရရှိမှု စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း ၃၈၆၅ ဒသမ ဝ၉၂ ဖမ်းဆီး အရေးယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်း ကျော်၏ လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေရန် အသေးစားငွေရေးကြေးရေး Micro Finance အဖွဲ့အစည်း (၁၇၇) ဖွဲ့ကို လုပ်ကိုင်ခွင့်ပြုထားပြီး မြန်မာတစ်ပြည်လုံး အသေးစားချေးငွေများကို ထုတ်ချေးလျက်ရှိပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၁၈၀ဝ၀) ကျော်၊ လူဦးရေပေါင်း သုံးသန်းခွဲကို ငွေကျပ် ၄၁၂၉ ဘီလီယံ ထုတ်ချေးခဲ့ပြီး စုဆောင်း ငွေကျပ် ၃၃၅ ဘီလီယံအထိရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၂၂၀၆၃)၊ လူဦးရေ ၅ သန်းခန့်ကို ငွေကျပ် ၆၂၆၇ ဘီလီယံ ထုတ်ချေးခဲ့ပြီး စုဆောင်း ငွေကျပ် ၄၈၇ ဘီလီယံအထိ ရရှိခဲ့ပါကြောင်း။
ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်စားများ၏ အငြိမ်းစားလစာကို လက်ရှိ ဝန်ထမ်းများ ပင်စင်ခံစားခွင့်အတိုင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလပင်စင်လစာမှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့ပါကြောင်း။
ပင်စင်လစာနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုး လျော့ကျစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် စနစ်တစ်ခုပေါ်လာစေရန် ထည့်ဝင်ကြေးစနစ်နှင့် အကျိုးခံ စားခွင့်ပြုသည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ (Central Provident Fund-CPF) ကို ထူထောင်သွားမည်ဖြစ်ပါကြောင်း။
အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် ၂၃/၂၀၁၈ ဖြင့် အခွန်အယူခံခုံအဖွဲ့ ဥပဒေကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ပြီး ရုံးလုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန်နှင့် လိုအပ်သော ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် အသွင်ကူးပြောင်းရေးကာလကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၁၉ ဖြင့်ထုတ်ပြန် ခဲ့ပါကြောင်း။
ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးအနေဖြင့် ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရန်နှင့် စာရင်းဝင်ရောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများကို ကူညီဆောင်ရွက်ရန် အထူးလုပ်ငန်းအဖွဲ့ (Special Task Force for Listing Promotion -STF) ကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။
အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများမှ အစုရှယ်ယာ ထုတ်ဝေခြင်းနှင့် အများပြည်သူများမှ ရင်းနှီးမြှုပ်နှံခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် (Listing Promotion Seminar) အသိပညာပေး ဟောပြောပွဲများကို ရန်ကုန်စတော့ အိပ်ချိန်း၌သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင် စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရက ချမှတ်ထားသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့်အညီ ရေရှည်အကျိုးရှိစေမည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမှုရှိပြီး လွယ်ကူရှင်းလင်းစွာ ပါဝင်ဆောင်ရွက်လာစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ ပါဝင်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့ အစည်းများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများအကြား ထိရောက်မြန်ဆန်ချောမွေ့စေမည့် လုပ်ငန်းစဉ်များ ထူထောင်ပြဋ္ဌာန်း လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်၊ ပြည်ပငွေကြေးအကူအညီ၊ နည်းပညာအထောက်အပံ့၊ တရားဝင်ဖွံ့ဖြိုးမှု အထောက်အပံ့ချေးငွေ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် စသည့် ရည်မှန်းချက်တာဝန်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း။
ဝန်ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များအနေဖြင့် Mandalay Business Forum ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ Mandalay Convention Centre တွင် ကျင်းပခဲ့ပါကြောင်း၊ Ayeyarwady Region Investment Fair ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့ပါကြောင်း၊ Invest Myanmar Summit 2019 ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်၊ MCC-2 ၌ ကျင်းပခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ မှ ၂၃ ရက်အထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေရှိ Jasmine Ngapali Resort Hotel တွင် ကျင်းပခဲ့ပါကြောင်း၊ AVPN မြန်မာလူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ကျင်းပခဲ့ပါကြောင်း၊ Myanmar-China (Guangdong) Trade and Investment Cooperation Conference ကို ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ Wyndham Hotel တွင် ကျင်းပခဲ့ပါကြောင်း၊ ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ် မတ် ၁၆ နှင့် ၁၇ ရက်တို့တွင် ရန်ကုန်မြို့ရှိ Myanmar Convention Center-MCC တွင်ကျင်းပခဲ့ပါကြောင်း၊ Mandalay International Trade Fair and Business Forum 2019 ကို ၂၁၀၉ ခုနှစ် မတ် ၂၃ မှ ၂၅ ရက်အထိ မန္တလေးမြို့ရှိ Mandalay Convention Center တွင် ကျင်းပခဲ့ပါကြောင်း၊ Yangon Investment Forum 2019 ကို ၂၀၁၉ ခုနှစ် မေ ၁၀ နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ Lotte Hotel တွင် ကျင်းပခဲ့ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ UK Department for International Development (DFID) နှင့် DaNa Facility တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေ ၇ ရက်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပခဲ့ပါကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ Department for International Development (DFID) နှင့် DaNa Facility တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေ ၁၆ နှင့် ၁၇ ရက်တွင် ရန်ကုန် မြို့ Chatrium Hotel ၌ ကျင်းပခဲ့ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ Department for International Development (DFID)၊ DaNa Facility နှင့် International Trade Centre (ITC)တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အထက်မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေ ၂၀ ရက်တွင် မန္တလေးမြို့ရှိ Hazel Hotel ၌ ကျင်းပခဲ့ပါကြောင်း။
လက်ရှိလုပ်ထုံးလုပ်နည်းများကို ပြောင်းလဲ၍ ရှင်းလင်းလွယ်ကူသော စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်း (Standard Operating Procedures SOP) နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၈)တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်နေသည့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကော်မတီများ ပေါင်းစပ်ညှိနှိုင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်း (SOP) များ ရေးဆွဲပြုစုရန် ဆုံးဖြတ်ချက်ချခဲ့ပါကြောင်း။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်း အလုံးစုံ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် နောင်တွင် Online စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိလုပ်ထုံးလုပ်နည်းများ ပြောင်းလဲပြီး ရှင်းလင်းလွယ်ကူသော SOP အသစ်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (မြေယာစီမံခန့်ခွဲရေး၊ ယစ်မျိုးစီမံခန့်ခွဲရေး) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် စတင်ဦးစားပေးအနေဖြင့် (SOP)များ ညှိနှိုင်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုပြပွဲများ ဆောင်ရွက်သကဲ့သို့ ပြည်ထောင်စုဝန်ကြီးနှင့် အကြီးတန်းအရာရှိများသည် ပြည်ပသို့သွားရောက်၍လည်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနစတင်ဖွဲ့စည်းပြီးနောက် ထိုင်းနိုင်ငံ၊ ဂျပန်နိ်ုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဟောင်ကောင်၊ မကာအိုတို့သို့ ခရီးစဉ် (၅) ကြိမ်၊ ဇန်နဝါရီမှ မေလအတွင်း ဗြိတိန်နိ်ုင်ငံ၊ မလေးရှားနိ်ုင်ငံ၊ နီပေါနိ်ုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့သို့ သွားရောက်၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို သွားရောက်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
ပြည်ပသို့ သွားရောက်ဆောင်ရွက်ခဲ့သကဲ့သို့ လာရောက်သည့် စီးပွားရေးအဖွဲ့အစည်း (Business Delegation)များ မိမိတို့နိုင်ငံအတွင်း လာရောက်သည့်အခါတွင်လည်း လက်ခံတွေ့ဆုံ၍ လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ပြည်ပမှ Business Delegation အဖွဲ့ (၂၁) ဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါကြောင်း။
ယခုနှစ်တွင် Online ကုမ္ပဏီ မှတ်ပုံတင်စနစ်ကို ထူထောင်နိုင်ခဲ့သည့်အတွက် တိုးတက်မှုများစွာ ရရှိခဲ့ပါကြောင်း၊ Starting a Business နှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သည့် ရလာဒ်ထွက်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံခြားစီးပွားဆက်သွယ်ရေးအနေဖြင့် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဖွံ့ဖြိုးမှု အကူအညီများ ရရှိရေး၊ ဒေသနှင့် ဒေသခွဲဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မိမိတို့ဝန်ကြီးဌာနမှ Coordinating Ministry အနေနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဂျပန်နိုင်ငံအစိုးရ၏ အကူအညီပေးရေး စာချွန်လွှာ (၅) ခု ဖြစ်သည့် ဂျပန်- မြန်မာ သက်မွေးပညာသင်တန်းကျောင်း(အောင်ဆန်း) တည်ထောင်ရေး စီမံချက်အတွက် ဂျပန်ယန်း (၁၆၅) သန်း အကူအညီပေးရေး စာချွန်လွှာ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု စီမံချက်အတွက် ဂျပန်ယန်း သန်း(၈၀ဝ) အကူအညီပေးရေးစာချွန်လွှာ၊ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေး စက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း ကိရိယာ များ ထောက်ပံ့ရေး စီမံချက်အတွက် ဂျပန်ယန်း (၄၄၄)သန်း အကူအညီပေးရေး စာချွန်လွှာ၊ လေယာဉ်စောင့် ကြပ်ကြည့်ရှုစနစ် မြှင့်တင်ရေးစီမံချက်အတွက် ဂျပန်ယန်း (၂၈၂၈)သန်း အကူအညီပေး ရေးစာချွန်လွှာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အတွက် ဂျပန်ယန်း (၆၁၂) သန်း အကူအညီပေးရေး စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် (၅)နှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ အကူအညီ ရင်မင်ဘီ ယွမ်သန်း ၁၀ဝ၀ (သန်းတစ်ထောင်) အကူအညီပေးအပ်မည့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တို့ကို ၂၀၁၉ ခုနှစ် ဧပြီလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။
ကိုရီးယား - မြန်မာ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ မူဝါဒဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စေရန် ရည်ရွယ်သည့် 5th Myanmar- Korea ODA Policy Dialogue ကို မိမိတို့ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံဘက်မှ Ministry of Economy and Finance (MOEF) တို့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွက် အကူအညီပေးမည့် စီမံချက်များနှင့် ကိုရီးယားလုပ်အားပေး (World Friend Korea Volunteer) များ မြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းနိုင်ခဲ့ပါကြောင်း။
မြန်မာ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး (၃)နှစ်တာ ဖွံ့ဖြိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်(၂၀၁၉-၂၀၂၁)ဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း၊ ဆွေးနွေးချက်များအရ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက် စေရေးနှင့် လူမှု အသိုက်အဝန်း တိုးတက်ရေး စသည့် ကဏ္ဍ(၅)ခုကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့အကြား နှစ်စဉ်ကျင်းပသည့် ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့ရာ မြန်မာနိုင်ငံအစိုးရသို့ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကူအညီ ယူရို ၃၄ ဒသမ ၅ သန်း ပေးအပ်ရန် ညှိနှိုင်းရရှိခဲ့ပြီး ယခုလအတွင်း ပြုလုပ်သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် German Development Cooperation (GIZ) အဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ စီမံချက်(၄)ခုနှင့် အစီအ စဉ်(၁)ခုတို့အတွက် ဂျာမနီအစိုးရက ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အတွင်း အကူအညီ ယူရို ၁၁ ဒသမ ၅ သန်း ဖြည့်စွက် ထောက်ပံ့ရန် ညှိနှိုင်းရရှိခဲ့ပါကြောင်း။
မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၆-၂၀၂၂) ၏ ဒုတိယအကြိမ် အကဲဖြတ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး ဒိန်းမတ်အကူအညီ ခရိုနာ ၅၀၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံချက်များနှင့် တိုးချဲ့ဆောင်ရွက်ရန်လုပ်ငန်းတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း။
အီးယူမှ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန် စုစုပေါင်း အကူအညီ ယူရို ၂၂၁ သန်း ထောက်ပံ့ရေးအတွက် မြန်မာနိုင်ငံနှင့် အီးယူတို့အကြား Financing Agreement လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
အီတလီနိုင်ငံ Italian Agency for Development Cooperation (AICS) အဖွဲ့မှလည်း ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန် Capacity Development of Donor Coordination အစီအစဉ်အရ အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် နည်းပညာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါကြောင်း။
ဒေသနှင့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် မဟာမဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Greater Mekong Subregion Economic Cooperation - GMSEC) ၏ (၁၀)ကြိမ်မြောက် စီးပွားရေးစင်္ကြံများဖိုရမ် (10th Economic Corridors Forum, ECF-10) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ Extending Corridors for Inclusive Connectivity in the GMS ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး Greater Mekong Subregion - GMS အဖွဲ့ဝင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ ပါဝင်တက်ရောက်ခဲ့ကြပြီး GMS တောင်-မြောက် စီးပွားရေးစင်္ကြံ (North -South Economic Corridor- NSEC) ထပ်မံ တိုးချဲ့ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါကြောင်း။
အာရှဖွံ့ဖြိုးရေးဘဏ်နှင့် national နှင့် regional စီမံကိန်းများ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရေးအတွက် Country Operational Business Plan (COBP) ၂၀၂၀-၂၀၂၂ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းရေးဆွဲခဲ့ပါကြောင်း။
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် နိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၅၀၈ သန်းနှင့် လည်းကောင်း၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ နိုင်ငံဆိုင်ရာအစီအစဉ် မူဘောင်ကို ခန့်မှန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၁ သန်းဖြင့်လည်းကောင်း စီမံချက်များ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ဆက်လက်၍ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂)အား ခန့်မှန်း ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ သန်း ၂၀ ဖြင့် အကောင်အထည်ဖော်ရန် သဘောတူစာချုပ် (Letter of Agreement) ကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အိုင်ဗရီကို့စ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာ့ဆန် အရည်အသွေး၊ အလေးချိန်တို့နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စ၊ နိုင်ငံတကာသို့ မြန်မာ့ဆန်များတင်ပို့ရာတွင် အရည်အသွေး၊ အလေးချိန်တို့နှင့်စပ်လျဉ်း၍ စံချိန်စံညွှန်းသတ်မှတ်ထားရှိမှုနှင့် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အခြေအနေ၊ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းဖြင့် လိမ်လည်မှုများဖြစ်ပေါ်ခဲ့မှုနှင့် ဖမ်းဆီးအရေးယူခဲ့မှု အခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် ယင်းသို့သော လိမ်လည်မှုများ ထပ်မံမဖြစ်ပွားအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ယခုနှစ်တွင် တောင်သူများထံမှ စပါးများကို အနိမ့်ဆုံးဈေးသတ်မှတ်၍ ဝယ်ယူရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊ တရုတ်နိုင်ငံသို့ တင်သွင်းသည့် မြန်မာပို့ကုန်များနှင့်စပ်လျဉ်း၍ မြန်မာကုန်သည်များနှင့် ပြည်သူများ နစ်နာမှုမရှိစေရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်နေမှု၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် အခြေအနေ၊ ဒေါ်လာဈေး အတက်အကျမဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အခြေအနေ၊ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒနှင့် အခွန်လျော့ပေးရန် အစီအစဉ် ရှိ မရှိ စသည်တို့ကို မေးမြန်းကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ဆက်လက်၍ သတင်းမီဒီယာများက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ရွှေဒင်္ဂါးများနှင့် ငွေစက္ကူများ ထုတ်လုပ်သွားမည့် အခြေအနေ၊ အောင်ဘာလေ ငွေကျပ် ၁၀ဝ၀ တန်ထီများကို ဈေးနှုန်းလျော့ချသွားရန် အစီအစဉ် ရှိ မရှိ၊ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်ပေးဆောင်ရမှု၊ ပိုးလမ်းမကြီးစီမံကိန်း အခြေအနေ၊ မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်း အခြေအနေ၊ အာမခံလုပ်ငန်း၊ အာမခံထားရှိမှုနှင့် လျော်ကြေးရရှိမှုအခြေအနေ၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားရှိမှု၊ စီမံကိန်းများအား ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည့် အခြေအနေ၊ ပင်စင်အသုံးစရိတ်ကို ဖြေရှင်းရန် ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် သတင်းမီဒီယာများက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းထားသည့် ပြည်ပ မော်တော်ယာဉ်ကုမ္ပဏီများ အခြေအနေ၊ မော်တော်ယာဉ်ဈေးနှုန်း လျော့ချ သွားမည့် အခြေအနေ ရှိ မရှိ၊ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထက်ကျော်လွန်ပြီး စင်္ကာပူနိုင်ငံက ပိုမိုရင်းနှီးမြှုပ်နှံလာမှု အခြေအနေ၊ တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်သည့် အခြေအနေများ၊ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာအညွှန်းကိန်းများ မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံသို့ အနောက်ဥရောပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ကျင့်သုံးလျက်ရှိသည့် မူဝါဒ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကိစ္စ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ မကြာမီ ထွက်ခွာမည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပြည်ပခရီးစဉ်များတွင် ပြုလုပ်သွားမည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအစီအစဉ်များ၊ အထူးကုန်စည်ခွန်နှင့် ပတ်သက်၍ လျော့ချရန် အစီအစဉ် ရှိ မရှိ၊ မြင့်တက်လျက်ရှိသည့် စက်သုံးဆီဈေးနှုန်းကို လျော့ချနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
သတင်း- ထွန်းနန္ဒာကျော်