မိုးညှင်း ၃၀ မေ

မိုးညှင်းမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းနေရန်အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူ ၂၆၅ ဦးအား ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြို့နယ်ပညာရေးဌာနမှ စေတနာရှင်၊ အလှူရှင်များရှာဖွေကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ပေါင်း ၂၀၁ကျောင်းရှိသည့်အနက် အဆိုပြုစာရင်းတက်ရောက်ခဲ့သည့် ကျောင်းပေါင်း ၅၇ ကျောင်းမှ ကျောင်း(၁)ကျောင်းလျှင် ၅ ဦးနှုန်းဖြင့် ကျောင်းသား ကျောင်းသူပေါင်း ၂၆၅ ဦး အတွက် (၁)ဦးလျှင် ဗလာစာအုပ် (၆)အုပ်နှင့်ခဲတံ(၂)ချောင်းစီကို သက်ဆိုင်ရာ ကျောင်းသား ကျောင်းသူများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်ပညာရေးမှူး ဦးခိုင်ဝေကပေးအပ်ခဲ့ရာ အလှူရှင်များ ကိုယ်စားရွှေကိုယ်ပိုင်အထက်တန်းကျောင်းအုပ်က လက်ခံရယူခဲ့သည်။ ယခု ထောက်ပံ့ ပေးအပ်သည့် ပစ္စည်းများကိုမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများနှင့် စေတနာရှင်များက လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)