နေပြည်တော် ၃၀ မေ

ယနေ့နံနက်(ဝ၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ကာ၊ မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မေလ၏ပုံမှန်အပူချိန်ထက် (၇)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိ၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် မေလ၏ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၄) ဒီဂရီစင်တီဂရိတ်နှင့် ကလေးဝမြို့၊ မြင်းမူမြို့နှင့် ဂန့်ဂေါမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မော်လမြိုင်မြို့တွင် (၄.၇၆)လက်မ၊ အမ်းမြို့တွင် (၄.ဝ၁)လက်မ၊ ကတိုင်တိတွင် (၃.၆၂)လက်မ၊ ကျိုက္ခမီမြို့တွင် (၃.၁၅)လက်မ၊ ပေါင်မြို့တွင် (၃.ဝ၇) လက်မ၊ ချောင်းဆုံမြို့တွင် (၂.၉၉)လက်မ၊ ဂွမြို့တွင် (၂.၆၈)လက်မ၊ မဒေါက်မြို့တွင် (၂.၄၄)လက်မ၊ မုဒုံမြို့တွင် (၂.၃၆)လက်မ၊ ရွှေကျင်မြို့တွင် (၂.၁၇) လက်မ၊ ဘော်လခဲမြို့နှင့် သထုံမြို့တို့တွင် (၂.ဝ၁)လက်မစီနှင့် ရွှေဂွန်းနှင့် ရှမ်းရွာသစ်မြို့တို့တွင် (၁.၈၀)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

MDN