မုံရွာ ၃၀ မေ
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၉ နာရီက မုံရွာမြို့ မြသလ္လာခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့”သီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ကမ္ဘာ့နိုင်ငံအသီးသီးတို့ဟာ ကျန်းမာရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ကုန်ထုတ်ရေး၊ ကာကွယ်ရေး၊ လူမှုရေးနယ်ပယ်စုံ ကဏ္ဍာစုံနဲ့ ဆက်စပ်ပြီး ပညာရေးဆိုင်ရာမြှင့်တင်ပြောင်းလဲမှုများကို အလေးထား ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း သတ်မှတ်ကာလအတွင်း (အခြခံပညာအဆင့်အလိုက်)ပြီးမြောက်စေရေးအတွက် ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းနေရေးနဲ့ ကျောင်းနေတဲ့ကလေးတိုင်း ကျောင်းနေမြဲရေး လုပ်ငန်းတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ကျောင်းအထောက်အကူပြု အဖွဲ့ဝင်များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများအားလုံး ပူးပေါင်း ပါဝင်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်ကူညီစို့” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ယခုပညာသင်နှစ်မှာ အားလုံးပူးပေါင်းဆောင်ရွက်ကာ ကျောင်းနေရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းထွက်သူပပျောက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် ”တိုက်တွန်းလမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မုံရွာမြို့၊ ရန်ကင်း အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အသီးတစ်ရာ အညှာတစ်ခု”သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ် မူလတန်းကလေးများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်ဗလာစာအုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “လူချွန်လူကောင်း” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေမှုအားလည်းကောင်း၊ မုံရွာမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “တို့အင် တို့အား”သီချင်းဖြင့် သီဆို၍ တေးသရုပ်ဖော် ဖျော်ဖြေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနှုန်းဟာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၈၃)ရာခိုင်နှုန်း၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၃၆)မြို့နယ် ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာ၊ ဆားလင်းကြီး၊ ကောလင်း၊ တန့်ဆည်၊ ကလေး၊ ဟုမ္မလင်း၊ အစရှိတဲ့(၆) မြို့နယ်မှာ ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေးသာမက အလယ်တန်း၊ အထက်တန်းပညာရေး အစီအစဉ်ကိုပါ စီစဉ်ဆောင်နေပြီဖြစ်ပါကြောင်း၊ အမျိုးသားပညာရည် မြင့်မားရေး စီမံကိန်းများကို သင်ယူစေပြီး နယ်ပယ်စုံမှာ အရည်အသွေးမြင့်မားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရအောင် ပြုစုပျိုးထောင်မွေးထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အထက်တန်းကျောင်း(၂၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၁၀၅)ကျောင်း၊ အလယ်တန်းကျောင်း(၁၀၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၀၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇၀) ကျောင်း၊ မူလတန်းကျောင်း(၁၂၆)ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၃၅)ကျောင်း၊ စုစုပေါင်း (၆၆၈)ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းအတွင်း အထက်တန်းကျောင်း(၃၁၉)ကျောင်း၊ အလယ်တန်းကျောင်း(၆၇၈)ကျောင်း၊ မူလတန်းကျောင်း(၂၀၉၄)ကျောင်းအပြင် ကျေးလက်ဒေသ ကလေးသူငယ်များ ပညာသင်ကြားနိုင်ခွင့် ပွင့်လန်းလာစေဖို့ အထက်တန်းကျောင်းခွဲ(၃၆၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၇၃၉)ကျောင်း၊ မူလတန်းလွှန်ကျောင်း(၉၉၇)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂၆၁)ကျောင်း၊ စုစုပေါင်း(၅၄၄၉)ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မြို့ပေါ်ကျေးလက် တန်းတူပညာရပ်များတိုးချဲ့သင်ယူခွင့်ရသည့်အပြင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် ကျောင်းပေါင်း(၅၅၈၉)ကို ကျောင်းဖွံ့ဖြိုး ရန်ပုံငွေ ကျပ်သန်းပေါင်း(၁၅ဒသမ၉၁၀၂)သန်းကို ခွဲဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမေက္ခချုပ်များ၊ ကောလိပ်အသီးသီးမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)