ပျော်ဘွယ်  ၃၀  မေ

 


အင်းဝဘဏ်လီမိတက် ပျော်ဘွယ်ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရိဝုဏ်တွင်ကျင်းပရာ အခမ်းအနားသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း၊ ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

e34r

 


ရှေးဦးစွာ အင်းဝဘဏ်လီမိတက်အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန် နံနက် ၉ နာရီခွဲတွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းက အင်းဝဘဏ်လီမိတက်၊ ပျော်ဘွယ်ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ဘဏ်ခွဲကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်နှင့် ဘဏ်ကျောင်တာတို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ပျော်ဘွယ်ဘဏ်ခွဲသည် ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်ရှိ အမှတ် (၃၄၅)၊ မြို့သစ်ရပ်ကွက် ပျော်ဘွယ်မြို့တွင် ဖွင့်လှစ်ထားရှိကာ အပ်ငွေများလက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များ ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ အင်းဝဘဏ်လီမိတက်အနေဖြင့် မြန်မာနိုင်ငံအဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူချောမောစွာ လည်ပတ်နိုင်ရေး ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျှောက် စုဆောင်းသည့်အချိန်ကာလအပိုင်းအခြားအလိုက်မူတည်၍ ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းမတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ယခုပျော်ဘွယ်အင်းဝဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ ၆၀ ခုမြောက်ဘဏ်ခွဲဖြစ်ကြောင်း သိရသည်။

 


MDN