နေပြည်တော် ၃၀ မေ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးလှတင့်နှင့် ဦးသန်းဌေးတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)သည် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးနေမျိုးအောင်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၈)ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က)(၁)အရ ကြားနာစစ်ဆေးခဲ့သည်။
ထိုသို့ ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင် သည် ရွေးကောက်ပွဲ၌ တရားမဲ့ပြုကျင့်မှုပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဦးနေမျိုးအောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ကြောင်း၊ လျှောက်ထားသူ ဦးသန်းထိုက်အောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ရွေးကောက် တင်မြှောက်ခြင်းခံရသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် မေ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ် နှစ်သိန်း တိတိအား လျှောက်ထားခံရသူက လျှောက်ထားသူအားပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိ သည်။
( သတင်းစဉ် )