ရန်ကုန် ၃၀ မေ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကင်း ပညာရေးကောလိပ်မှ ဆရာ ဆရာမများ သင်တန်းသား သင်တန်းသူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရန်ကင်းပညာရေး ကောလိပ်၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင် ရာတွင် အခြေခံပညာရေး ပြုပြင်ပြောင်းလဲမှုသည် အရေးကြီးပါကြောင်း၊ အခြေခံပညာ ကဏ္ဍတွင် အရည်အသွေးရှိသော ဆရာ ဆရာမများဖြစ်လာစေရန် လေ့ကျင့်သင်ကြား ပေးလျက်ရှိသည့် ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များသည် အဓိကကျ သည့်အတွက် မိမိအနေဖြင့် သင်တန်းသား ဆရာ ဆရာမများကို ကျေးဇူးတင်အားပေး စကားပြောကြားရန်နှင့် လိုအပ်ချက်အခက်အခဲများရှိပါက ဆွေးနွေးတင်ပြနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း။
ဆရာ ဆရာမများအနေဖြင့် မိမိတို့တတ်မြောက်ခဲ့သည့် ပညာရပ်များ၊ ကောင်းမွန် သော အတွေ့အကြုံများကို လက်ဆင့်ကမ်း၍ အကောင်းဆုံး သင်ကြား လေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ကိုယ်တိုင်သင်ယူလေ့လာမှု ပြုလုပ်နိုင်ရန်အတွက် စာကြည့်တိုက်အသုံးပြုတတ်စေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် ပြဿနာကိုငြိမ်းချမ်းစွာနှင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်း စည်းကမ်းနှင့် အညီ ဖြေရှင်းတတ်သည့် အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း။
ယနေ့ခေတ်တွင် အလိုအလျောက်နည်းပညာများ ပိုမိုအသုံးပြုလာသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းများရရှိရန် ယှဉ်ပြိုင်မှုခက်ခဲမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့၏ကျောင်းသား ကျောင်းသူများကို အကောင်းဆုံးအရည်အသွေးများ တတ်မြောက်အောင် သင်ကြားသင်ယူလေ့ကျင့်ပေးမှသာ ကျောင်းသားကျောင်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်သည် ဆရာ ဆရာမများ၏ လက်ထဲတွင်ရှိပြီး ကျောင်းသား ကျောင်းသူဆရာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဆရာဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရန်ကင်းပညာရေးကောလိပ်မှ နည်းပြ ဆရာမ ဒေါ်မိုးစန္ဒာ၊ လက်ထောက်ကထိက ဦးသူရအောင်၊ ကထိက ဦးသက်ဦး၊ ဆရာမ ဒေါ်စန်းစန်းမြင့်နှင့် သင်တန်းသား သင်တန်းသူ မောင်မင်းသုခ၊ မောင်ဉာဏ်လင်းထွန်း၊ မနွယ်နွယ်ဝေနှင့် မနှင်းစုလှိုင်တို့က သိရှိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အခြေခံပညာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးဆွဲလျက်ရှိသည့် ဂျပန်နိုင်ငံ JICA CREATE Team အဖွဲ့ဝင်များနှင့်လည်းကောင်း၊ သင်္ဃန်းကျွန်းပညာရေးကောလိပ်သို့ ရောက်ရှိပြီး သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)