၃၁ မေ

 

အီရတ်အရှေ့ပိုင်း Diyala ပြည်နယ်ရှိ ရွာတစ်ရွာတွင် ယမန်နေ့က အိုင်အက်စ် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံးပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

 

အဆိုပါ တိုက်ပွဲသည် ယမန်နေ့ညနေပိုင်းက ဘဂ္ဂဒက် အရှေ့မြောက်ဘက် ၉၀ ကီလိုမီတာ ခန့် Abu Saida မြို့အနီး ရွာတစ်ရွာကို အိုင်အက်စ်စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာ ထိုရွာသားများနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့တော်ဝန် Harith al-Rubaie က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရွာသားများက သစ်သီးခြံ အနီးရှိ  စစ်သွေးကြွများကို လိုက်တိုက်ခိုက်ခဲ့သော်လည်း အစွန်းရောက်စစ်သွေးကြွများ၏ လမ်းဘေးဗုံးဖောက်ခွဲမှုကြောင့် ရွာသား နှစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ရာ ယင်းဒဏ်ရာရသူနှစ်ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း Harith al-Rubaie ကဆိုသည်။

 

Diyalaပြည်နယ်တွင် စစ်ဆင်ရေးများ အထပ်ထပ်ပြုလုပ်နေသော်လည်း အီရန်နယ်စပ်အနီး ကျောက်ဆောင်ပေါများသော ဒေသအချို့တွင် အိုင်အက်စ်စစ်သွေးကြွအချို့ ပုန်းအောင်းနေကြကြောင်း သိရသည်။

 

၂၀၁၇ခုနှစ် နှောင်းပိုင်းက အီရတ်လုံခြုံရေးတပ်ဖွဲ့များက  နိုင်ငံအနှံ့ရှိ အိုင်အက်စ်အစွန်းရောက် စစ်သွေးကြွများကို လုံးဝ အနိုင်ရရှိပြီးနောက် အီရတ် လုံခြုံရေးအခြေအနေ သိသိသာသာ တိုးတက်လာခဲ့သည်။

 

ကိုးကား - ဆင်ဟွာ                
ဘာသာပြန် - မြင့်မြင့်ချို