ပင်လည်ဘူး  ၁   ဇွန်  

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် မေ ၃၁ ရက်နေ့ ညနေ ၅.၃၀ အချိန်တွင် စိုက်ဆင်း လေပြင်းတိုက်ခတ်၍ နောင်ပူအင်းကျေးရွာတွင် လူနေအိမ် ၁၄ လုံးအမိုးလန် ပျက်စီးပြီး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အအုံအမိုးများနှင့်ဆောက်လုပ်ဆဲ တိုင်ထူအမိုးမိုးပြီးဖြစ်သော နှစ်ထပ်သံဃာကျောင်းဆောင် အဆောက်အအုံသစ် လဲပြိုပျက်စီးကာ လူတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

FB_IMG

 

အဆိုပါ စိုက်ဆင်းလေပြင်းသည် ပင်လည်ဘူးမြို့နယ် နောင်ပူအင်းရွာအတွင်းတွင် တိုက်ခတ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၄ လုံးမှ အမိုးသွပ် ၃၂၃ ချပ်နှင့် အမိုးတန်း ပျဉ်ချောင်းများ ပျက်စီးခဲ့ကြောင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံ၊ ဆွမ်းချက်ဆောင်နှင့် ဇရပ်တို့၏ အမိုးများလည်း အမိုးလန်ပျက်စီးခဲ့ပြီး ဆောက်လုပ်ဆဲ တိုင်ထူ အမိုးမိုးပြီးဖြစ်သော နှစ်ထပ် သံဃာကျောင်းဆောင်သစ်လည်း လဲပြိုပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၎င်းအပြင် အဆိုပါလေပြင်း တိုက်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ နှစ်ထပ်သံဃာကျောင်းဆောင်တွင် လုပ်ငန်းဆောင်ရွက်နေသော ဦးအောင်မျိုးဝင်းသည် ပျဉ်ပြားဖြင့် ရိုက်မိပြီး ဝဲမျက်ခုံးအထက် နဖူးတွင် ဦးခေါင်းခွံ ၃ လက္မခန့် ပေါက်ပြဲ ဒဏ်ရာ ၂ ချက် ရရှိသဖြင့် ပင်လည်ဘူး မြို့နယ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူပြီး ဒဏ်ရာစိုးရိမ်ရသဖြင့် မန္တလေးဆေးရုံကြီးသို့ ဆက်လက်လွဲပြောင်း ဆေးကုသမှုခံနေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

 

FB_IM