မိုင်းယောင်း ၁ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်ပေါင်း နှစ်သောင်းကျော် စိုက်ပျိုးနိုင်ရန် ပျိုးပင်များဆောင်ရွက်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၏ လမ်းညွှန်မှုဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၀၁၉ ခုနှစ်အတွင်း ဇွန်လ ၁၉ ရက်နေ့နှင့် ဇူလိုင်လ ၆ ရက်နေ့တွင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်းပြီး စည်ကားစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်းမြို့နယ်တွင် ယခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးရန်အတွက် အရိပ်ရအပင်များဖြစ်သည့် ယူကလစ်၊ ထင်းရှူး၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ ပိတောက်၊ ယမနေ၊ ကျွန်း၊ ခါတော်မီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ခရေ နှင့် နှစ်ရှည်စားပင်များဖြစ်သော ထောပတ်၊ ပိန္နဲပင်၊ လက်ဖက်နှင့် ဒညင်းပင် စသည်ဖြင့် ပျိုးပင်ပေါင်း နှစ်သောင်းကျော် စီစဉ်ထားရှိပြီး စိုက်ပျိုးလိုသူ ဒေသခံပြည်သူများအနေဖြင့် မြို့နယ်သစ်တောဦးစီးဌာနသို့ ပျိုးပင်များ ဆက်သွယ်မှာယူ ရရှိနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်း မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲတော်ကို ၂၀၁၉ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇူလိုင်လ၏ ပထမပတ်(စနေနေ့)ကို ရှမ်းပြည်နယ်လူထုသစ်ပင်စိုက်ပျိုးရေးနေ့အဖြစ် သတ်မှတ်ကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


