ဟိုင်းကြီးကျွန်း ၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငါးပြေမဓာတ်အားခွဲရုံ၊ ကျုံကူးဓာတ်အားခွဲရုံတို့မှ လျှပ်စစ်ဓာတ်အားကိုရယူသုံးစွဲနေကြသည့် ဟိုင်းကြီးကျွန်းမြို့ပေါ်ရက်ကွက်များနှင့် ကျေးရွာများတွင် ယခုလ ၂ ရက်နေ့၌ ၈ နာရီကြာ ဓာတ်အားပြတ်တောက်နေမည် ဖြစ်ကြောင်း သိရှိရသည်။
၂၃၀ ကေဗွီ လှိုင်သာယာ-အသုတ် ဓာတ်အားလိုင်း၌ OPGW ကြိုးများလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီမြစ်ကျော်နေရာတာဝါအမှတ် ၁၄၆၊ ၁၄၇၊ ၁၄၈ တို့ကြားရှိ Earth Wire Vibration Damper များပြန်လည်ဖြုတ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ၂၃၀ ကေဗွီအေ ဓာတ်အားပိတ်၍ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဇွန်လ ၂ ရက်နေ့နံနက် ၇ နာရီအချိန်မှ ညနေ ၃ နာရီအချိန်အထိ ၈ နာရီကြာ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဦးသက်မောင်မောင်က ပြောသည်။
ဓာတ်အားပြတ်တောက်မှုမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှလွဲ၍ ခရိုင်အားလုံးရှိမြို့နယ်များ အားလုံး ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။ အဆိုပါ ဓာတ်အားပြတ်တောင်မှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဟိုင်းကြီးကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ကြိုတင် အသိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


