ရိခေါ်ဒါရ် ၁ ဇွန်
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်ဦးဆောင်မှုဖြင့် ရပ်ကွက်လူငယ်များနှင့်ပူးပေါင်းကာ ရိရေကန်သဘာဝအလှမပျက်စီးစေရေးနှင့် ရေကန်အတွင်း အမြင်မသင့်တော်သည့် အမှိုက်သရိုက်များ၊ ငုတ်တိုင်များ ဖယ်ရှားရှင်းလင်းခြင်းကို မေ ၃၁ ရက် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိရေကန်၌ ရှေးယခင် နှစ်ပေါင်း ၂၀ ခန့်ကတည်းက ငါးဖမ်းခြင်းနှင့် ရေမျှော်စင်အတွက် စိုက်ထူထားသည့် ငုတ်တိုင်အဟောင်းများ နုတ်ထွက်ဖယ်ရှားခြင်း၊ ရေကန်အတွင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် ရေကန်ဘေးပတ်လည်ရှိ အမြင်မသင့်တော်သည့် အမှိုက်သရိုက်များကို စက်ကြီးနှင့် အင်အားဖြင့် ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ရိရေကန်ဟာ ကျွန်တော်တို့ချင်းပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ တန်ဖိုး မဖြတ်နိုင်တဲ့ အထင်ကရနေရာဒေသတစ်ခုဖြစ်တယ်။ ရိရေကန်မှာ ကျွန်တော်တို့နိုင်ငံသား ပြည်တွင်းဧည့်သည်သာမက ပြည်ပနိုင်ငံများမှလည်း လာရောက်လည်ပတ်သူများပြားတယ်။ လူသူအရောက်အပေါက်များပြီး လူအများစိတ်ဝင်စားတဲ့နေရာဒေသတစ်ခုလည်းဖြစ်တယ်။ ဒါကြောင့် ရိရေကန်ကြီးရဲ့ သဘာဝအလှတရား မပျက်စီးဖို့၊ ရိရေကန်ကြီး သန့်ရှင်းသာယာလှပဖို့ နဲ့ ရေကန်ကြီးရေရှည်ထိန်းသိမ်းဆောင်ရွက်ဖို့ရည်ရွယ်ချက်နဲ့ အခုလိုထိန်းသိမ်းဆောင်ရွက်သွား တာဖြစ်တယ်။ ဒီလိုအများအကျိုးဆောင်ပြီး တန်းမဖြတ်နိုင်တဲ့ရိရေကန် ပြုစုထိန်းသိမ်းရာမှာ အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့ ရပ်ကွက်လူငယ်အဖွဲ့နှင့် JCB စက်ကြီးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတဲ့ ရိခေါ်ဒါရ်လူငယ်ဗဟိုကော်မတီဝင် ဦးရိချွှာန်းပွီးယာ ကိုလည်း ကျေးဇူးတင်ပါတယ်”ဟု မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောသည်။
ထို့အပြင် ရိရေကန်သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ရေကန်ဘေးရေချိုးဆိပ်အနီး၌ အများသုံးသန့်စင်ခန်း၊ အမှိုက်ပုံးများနှင့် ခရီးသွား ပြည်သူများအပန်းဖြေအနားယူနိုင်ရန် အရိပ်ရအပင်များအောက်၌ ထိုင်ခုံတန်းများ၊ ခုံတန်းရှည် များ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရိရေကန်သို့ လေ့လာရေးခရီးဖြင့်သော်လည်းကောင်း၊ အပန်းဖြေအနားယူရန်သော် လည်းကောင်း၊ ပျော်ပွဲစားခရီးဖြင့်သော်လည်းကောင်း ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူ ရောက်ရှိလာမှု နှစ်စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်


