မောင်မောင်ကျော့ - ပလက်ဝ

 

ရှမ်းပြည်နယ်တွင် တိုင်းရင်းသားမျိုးနွယ်စု ပေါင်း ၃၃ မျိုးနေထိုင်ကြရာ ထိုအထဲတွင် ဓနုတိုင်းရင်းသားများလည်း ပါဝင်ပေသည်။ ၁၉၅၅ ခုနှစ် သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်တွင် ဓနုတိုင်းရင်းသား ခုနစ်သောင်းကျော်ရှိသည်ဟု ဆိုသော်လည်း ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ကောက်ယူရရှိသည့်စာရင်းအရ ဓနုတိုင်းရင်းသား တစ်သိန်းခွဲခန့်ရှိသည်။ ယခုအခါ နှစ်သိန်းနီးပါးရှိနေလေပြီ။

 

ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယ မြို့နယ်တို့သည် ဓနုတိုင်းရင်းသားအများစု နေထိုင်ရာဒေသဖြစ်သည်။ ဤနှစ်မြို့တွင် နေထိုင်သည့် ဓနုတိုင်းရင်းသားအင်အားသည် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ လူဦးရေအင်အားပြည့်မီမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ နယ်မြေပေါင်းစည်းနိုင်မှု အခြေခံကောင်းများ ပြည့်စုံမှုရှိသဖြင့် ယခုအခါ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် နှစ်ခုပေါင်းစည်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်း၍ ဓနုမြေတစ်ခွင် ဖွံ့ဖြိုးစည်ပင်လာဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပေသည်။

 

ဓနုလူမျိုး

 

ဓနုတို့၏ ပါးစပ်ရာဇဝင်တွင် အလောင်းမင်းတရားကြီးသည် ယိုးဒယားသို့ စစ်ချီ၍ သွားရောက်တိုက်ခိုက်ခဲ့ရာ နေပြည်တော်သို့အပြန်တွင် ခရီးပန်းသဖြင့် ယခု ဓနုတို့ နေထိုင်ရာအရပ်တွင် တပ်စခန်းချ၍ အနားယူခဲ့သည်။ အလောင်းမင်းတရား၏ စစ်တပ်တွင် ဒူးလေးတပ်၊ လေးသည်တော်တပ်များ ပါလာခဲ့ရာ ဒူးလေးတပ်၊ လေးသည်တော်တပ်တို့ကို လုံခြုံရေးအတွက် တပ်ချနေထိုင် စေခဲ့သည်။ ဒူးလေး၊ လေးမြားတို့ စွဲကိုင်သော သူတို့ကို "ဓနုဂ္ဂဟ"ဟုခေါ်ဆိုရာမှ ဓနုလူမျိုး ဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။ 

 

အချို့က ဓနုတို့၏ မူလရင်းမြစ်ကို တနင်္သာရီမှ လာရောက်သူများဟု ယူဆကြသည်။ "တနင်" မှ "တနု" မှ "ဓနု"ဟု ခေါ်ဆိုခြင်းဖြစ်သည်ဟုလည်း ဆို၏။ အချို့က သုဓနုမင်းသားအမည်ကို အစွဲပြု၍ ဓနုဟု ခေါ်ဆိုကြောင်း မွန်မြတ်သောလူမျိုးဟု အဓိပ္ပာယ်မည်ကြောင်းလည်း ပြောကြပါသည်။

 

ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယ၊ ပွေးလှ၊ ရေဦး၊ ရွာငံ၊ ဘော်ဆိုင်း၊ ရပ်စောက်၊ ကျောက်ထပ်၊ ကလော၊ အောင်ပန်းဒေသများ၌ အများဆုံး နေထိုင်ကြပြီး ပျဉ်းမနား၊ ရမည်းသင်း၊ သာစည် တို့နှင့် ဆက်စပ်နေသော တောင်ကြောဒေသများ၌ အသင့်အတင့် နေထိုင်ကြသည်။ 

 

ဆင်းသက်ပေါက်ဖွား ဓနုတိုင်းရင်းသား

 

ဓနုတိုင်းရင်းသားတို့သည် တိဗက်မြန်မာမျိုးနွယ်စုကြီးမှ ဆင်းသက် ပေါက်ဖွားလာသူများဖြစ်၏။ သူတို့၏ ဇာတိ၊ ဇာစ်မြစ်နှင့်စပ်လျဉ်း၍ ဝိဝါဒ ကွဲပြားနေမှုရှိပါသည်။ သုတေသီ အက်ဖ်အိတ်ချ်ဂျိုင်းက ဓနုတို့ကား မြေပြန့် လွင်ပြင် ဟံသာဝတီ တောင်ဘက်အရပ်မှ ရှမ်းကုန်းပြင်မြင့်သို့ တက်သွားကြသူများ ဖြစ်သည်ဆို၏။ ဆာ၊ ဂျေ၊ အေ ၊ စကော့ကမူ ဓနုတို့သည် ရှမ်းမြန်မာနွယ်များဖြစ်ပြီး မြန်မာပြည်မှ ရှမ်းပြည်ဘက်သို့ ကုန်ရောင်းကုန်ဝယ်သွားလာရင်း ရေကြည်ရာမြက်နုရာ အခြေချနေထိုင်သူများဖြစ်သည်ဟု ရေးမှတ်ထားခဲ့သည်။

 

သုတေသီ ဒေါက်တာ Cushing က ဓနုသည် ရှမ်းမြန်မာသွေးနှောဟု ယူဆ၏။ ဟံသာဝတီနယ်မှ တိမ်းရှောင်လာပြီး သာမိုင်းခမ်းနယ်တွင် အခြေချ နေထိုင်သူများမှ ဆင်းသက်လာသူများဟုလည်း ယူဆ၏။ သာမိုင်းခမ်းနယ်ကို ဟံသာဝတီမှ မိသားစု ၁၀ဝ တိမ်းရှောင်၍ လာရောက်နေထိုင်ကြောင်း၊ ယင်းတို့ မှာ ဟံသာဝတီမှ ထွန်းရှိဆိုသည့် မိသားစုအပါအဝင် မိသားစု ၁၀ဝ ဖြင့် စတင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းစည်သူမင်းနှင့်တွေ့ဆုံပြီး ကုသိုလ်ကောင်းမှု ပြုကြကြောင်း သမိုင်းကြောင်း၌ ဖော်ပြသည်ဟု ပါရှိပါသည်။

 

Mr. G.E. Browne ဆိုသူကလည်း ရှမ်းနှင့် ဗမာတို့ ကူးသန်းရောင်းဝယ်သော ဈေးစခန်းများတွင် ရှမ်းနှင့် ဗမာတွေ့ဆုံကြ၍ ပေါင်းသင်းကြ ဆက်ဆံကြရာမှ ရှမ်းဗမာအနွယ် ဓနုလူမျိုးဖြစ်လာရသည်ဟု ယူဆကြောင်းလည်း ပါရှိပါသည်။

 

မိတ္ထီလာခရိုင်ဝန်ဖြစ်ခဲ့သူ ဆာဂွန်မင်ဒီဗီး၏ လေ့လာချက်တွင် အနော်ရထာမင်းစောသည် လှိုင်းတက်မြို့ကို တည်ထောင်ပြီးနောက် ရှမ်းကုန်းပြင်မြင့်သို့ စစ်အင်္ဂါလေးပါးနှင့် ချီတက်ရောက်ရှိလာကြောင်း ရှမ်းဒေသအစပ်တွင် လူမျိုးတစ်မျိုးနှင့် တွေ့ဆုံသဖြင့် ဘာလူမျိုးလဲဟုမေးရာ လအယ်လူမျိုးဟု ဖြေကြောင်း၊ ထိုလူမျိုး၏ မိခင်မှာ မြန်မာအမျိုးသမီးဖြစ်သည်ဆိုကြောင်း၊ ထို့ကြောင့် အနော်ရထာမင်းက ဓနုလူမျိုးခေါ်ရမည်ဟု အမိန့်တော်ထားခဲ့သည် ဟုဆို၏။ အနော်ရထာမင်းနှင့် တွေ့ဆုံသောအခါ ထိုလူမျိုးတို့သည် လေးနှင့် မြားကို ကိုယ်နှင့်မကွာ ကိုင်စွဲသူများဖြစ်သဖြင့် လေးနှင့် မြားကို အစွဲပြု၍ ဓနုလူမျိုးဟု အမည်သမုတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆို၏။

 

မြန်မာရာဇဝင် သမိုင်းဆရာတို့ကမူ ဓနုတိုင်းရင်းသားများမှာ ရှေးခေတ်လေးစစ်သည် အမျိုးများဖြစ်ကြောင်း ဓနုဂ္ဂဟခေါ် ဒူးလေး၊ လင်းလေးများကို ကိုင်စွဲတိုက်ခိုက်ရကြောင်း၊ ထို "ဓနုဂ္ဂမာ"ဟူသော ဝေါဟာရမှပင် ဓနုဟု တွင်ခဲ့ကြောင်း၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်က နယ်စပ်ဒေသသို့ စစ်ချီစစ်တက် လိုက်ပါသွားရင်း ရှမ်းပြည်၌ စတင်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာဘုရင်များ စေလွှတ်လိုက်သော ရွှေခွန်မှူး၊ ငွေခွန်မှူး များနှင့် ရှမ်းလူမျိုးတို့ သွေးနှောကာ 'ဓနု" လူမျိုးများ ပေါ်ပေါက်ခဲ့ရကြောင်း ရေးသားထားကြပါသည်။

 

သို့အတွက် "ဓနုတိုင်းရင်းသားအစ ရှမ်းမြန်မာက"ဟု ယူဆရပြီး "ရှမ်း ဓနုလူမျိုး"နှင့် "မြန်မာ ဓနုလူမျိုး"ဟူ၍ သီးခြားရှိနေခြင်းဖြစ်ပေသည်။ ပြောပုံ ဆိုပုံမှာ အချို့က မြန်မာနှင့်တူ၍ အချို့က ရှမ်းနှင့်တူလှပေသည်။ 

 

ဗုဒ္ဓဘာသာဝင်များဖြစ်ကာ ကိုးကွယ်မှုအယူအဆ ဓလေ့ထုံးတမ်းများမှာလည်း ရှမ်းမြန်မာများနှင့် ထပ်တူထပ်မျှတူညီနေသည်ကို တွေ့ရပါသည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)တွင်လည်း ဓနုတိုင်းရင်းသားများသည် မြန်မာပြည်မအကြားနှင့် ရှမ်းပြည်နယ်အကြားတွင် အခြေချနေထိုင်ကာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင် ကျောက်နီတွင်းဒေသများ၌ ဓနုလူမျိုးများ တွေ့ရကြောင်း ရှမ်းပြည်နယ်၊ မိုင်းလုံ၊ ရပ်စောက်(ဗထူးနယ်မြေ)၊ ပွေးလှ၊ ရွာငံ၊ ပင်းတယ၊ ကလော၊ အောင်ပန်းတစ်ဝိုက်တွင် နေထိုင်ကြောင်း ဖော်ပြထားပါသည်။ မည်သို့ပင်ဆိုစေ ရှမ်း၊ ပလောင်၊ တောင်ရိုး၊ ဓနုတို့မှာ ပြောဟန်ဆိုဟန် လေယူလေသိမ်းမှအစ မြန်မာတို့နှင့် ဆင်တူသဖြင့် ညီနောင်တူဖွား တိုင်းရင်းသားတို့ပင် ဖြစ်ကြပေသည်။

 

ဓနုစကား

 

ဓနုတို့၏ ရိုးရာယဉ်ကျေးမှု၊ လူမှုရေး ထုံးတမ်းစဉ်လာနှင့် ဘာသာစကားတို့သည် မြန်မာနှင့်မခြားပေ။ ဓနုနှင့် မြန်မာတို့၏ စကားစာပေများမှာ မူရင်းအတူတူဖြစ်ပြီး နေထိုင်ရာဒေသကွဲပြားသွားခြင်း၊ အချိန်ကာလကြာညောင်းသွားခြင်းတို့ကြောင့် အသံနေအသံထားနှင့် အချို့သော စကားအသုံးအနှုန်းများ ကွဲပြားလာခြင်းဖြစ်ပေသည်။