မျိုးဝင်းထွန်း(မုံရွာ)

 

နာဂစာပေ ရှစ်မျိုးရှိသည့်အနက် ခြောက်မျိုးသည် သင်ကြားလျက်ရှိနေပြီး ကျန်နေသည့် ဂုဏ်ဝမ် မိုညိုနှင့် ကွန်ညှပ် နာဂမျိုးနွယ်စု စာပေသင်ကြားခွင့်ကို တင်ပြထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထံမှ သိရသည်။

 

"တန်ကွန်-မကူရီ-ဂျက်ဂျာ-ပေါင်းညွှန်-လိုင်းနောက်-ခရမ်ညူနဲ့ ငဒုန် နာဂမျိုးနွယ်စုစာပေခြောက်မျိုးကို ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်ကစပြီး သင်ကြားပေးနေပါပြီ။ ကျန်နေတဲ့ ဂုဏ်ဝမ်မိုညိုနဲ့ ကွန်ညှပ် နာဂမျိုးနွယ်စုစာပေ နှစ်မျိုး သင်ကြားခွင့်ရဖို့ သက်ဆိုင်ရာကို တင်ပြတောင်းခံ ထားပါတယ်"ဟု ဦးဝင်းခိုင်က ပြောသည်။ နောက်အော် နာဂပွဲတော်၊ ရှမိုင်ပွဲ၊ လမ်းခုတ်နတ်ပွဲ၊ စပါးနတ်ပွဲ၊ ဟူးခ ပွဲတော်များသည် တစ်နှစ်အတွင်း တောင်ယာစိုက်ပျိုးသည့် ကာလအလိုက် ကျင်းပသော နာဂရိုးရာပွဲတော်များဖြစ် ကြောင်း ဦးဝင်းခိုင်ထံမှ သိရသည်။

 

"နာဂလူမျိုးတွေဟာ အလုပ်ကြိုးစားပြီး ဝီရိယလည်း ရှိကြတယ်။ ပင်ပန်းဆင်းရဲတာကိုလည်း ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်ရှိကြတယ်။ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူ အများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ နတ်ယုံကြည်ကိုးကွယ် သူတွေလည်းရှိကြတယ်။ နာဂဒေသရဲ့ ထင်ရှားတဲ့ တွင်းထွက် ပစ္စည်းက ပယင်းဖြစ်တယ်" ဟု ဦးဝင်းခိုင်က ပြောသည်။

 

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော နာဂမျိုးနွယ်စုများမှာ အနဲ၊ ကွန်ရပ်၊ လမ်ကန်၊ လိုင်နောက်၊ မကူရီ၊ မိုယွန်၊ နော့ကို၊ ပရ၊ ဆိုမရာ၊ တန်ရှမ်းတို့ဖြစ်ကြသည်။ 

 

ခေါင်ရည်ကို ကြိုက်နှစ်သက်ကြသဖြင့် သွားလေရာသို့ ခေါင်ရည်ဘူးကို အမြဲဆောင်သွားကြလေ့ရှိပြီး ဝါးဖြင့် ပြုလုပ်ထားသော တူရိယာကို အသုံးပြုကြောင်း သိရသည်။

 

"နာဂတိုင်းရင်းသားတွေဟာ မြန်မာပြည်အနောက် မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာနေကြတဲ့ တိဗက်မြန်မာ အနွယ်ဝင်တွေဖြစ်ကြတယ်။ နာဂဒေသ အနောက်ဘက်မှာ အိန္ဒိယပြည်၊ အရှေ့ဘက်မှာ ကချင်ပြည်နယ်၊ တောင်ဘက်မှာ ချင်းပြည်နယ်နဲ့ မြောက်ဘက်မှာ ပတ်ကွိုင်တောင်တန်းတွေ တည်ရှိတယ်"ဟု ဦးဝင်းခိုင်က ရှင်းပြသည်။