ရန်ကုန် ၁ ဇွန်
Skynet Cinema (Pay Per View - PPV) Channel အသစ်ထုတ်လွှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပသည်။
ရွှေသံလွင်မီဒီယာက ပြည်သူ့အတွက် Skynet ၏ ခြေလှမ်းသစ် ရတနာဘုမ္မိ Film Company က ရုပ်ရှင်ချစ်ပရိသတ်များအတွက် အချစ်၊ အကြမ်း၊ အလွမ်း၊ ဟာသ ရသစုံလင်သော မြန်မာရုပ်ရှင်ဇာတ်ကား အသစ်စက်စက်များကို အိုးမကွာ အိမ်မကွာ ကြည့်ရှုခံစားနိုင်ကြရန် ရည်ရွယ်၍ Skynet Cinema (PPV) Channel ရုပ်ရှင်ဇာတ်ကားများကို ဇွန် ၇ ရက်မှစတင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး ပထမပတ်တွင် “ငယ်ပါသေးတယ်” ၊ ဒုတိယပတ်တွင် “ညစိမ်းစိမ်း”၊ တတိယပတ်တွင် “လူမိုက်ကျွန်း”နှင့် စတုတ္ထပတ်တွင် “The Xylophone” ဇာတ်ကားများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ရွှေသံလွင်ကုမ္ပဏီလီမိတက် နာယကကြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းတို့က Skynet Cinema(PPV) Logo ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး Skynet Cinema (PPV) တွင်ပြသမည့် ဇာတ်ကားနမူနာများကို ကြည့်ရှုကြသည်။
ထို့နောက် တာဝန်ရှိသူများက Skynet Cinema (PPV) Channel နှင့် စပ်လျဉ်း၍ လည်းကောင်း၊ Skynet Cinema (PPV)တွင် ပြသမည့် ရုပ်ရှင်ဇာတ်ကားများကို ဝယ်ယူကြည့်ရှုနိုင်မည့် နည်းလမ်းများအကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများ ဖြေကြားကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
Sales and Content Department ၏ အကြီးတန်း အမှုဆောင်ဒါရိုက်တာ ဒေါက်တာသိန်းသန်းဦးက “Skynet Cinema (PPV) Channel မှာ ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေကို တစ်ပတ်ကို တစ်ကားနှုန်းနဲ့ တစ်လကို လေးကားရှိမယ်၊ တစ်ကားကို တစ်ထောင်ကျပ်နှုန်းနဲ့ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းနဲ့ တစ်ပတ်အတွင်း ကြည့်ရှုနိုင်မယ်။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကို ရွေးချယ်ဝယ်ယူခွင့်ရှိပါတယ်။ လေးကားလုံးကြိုက်ရင်လည်း လေးကားလုံးဝယ်ယူလို့ရပါတယ်။ Skynet Cinema (PPV) Channel ရုပ်ရှင်ဇာတ်ကားတွေကို မြို့နယ်တိုင်းမှာရှိတဲ့ Skynet (Regional Service Partner – RSP) ဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။ ဝယ်ယူကြည့်ရှုတဲ့ အခါမှာ Skynet စက်နံပါတ်၊ ကတ်နံပါတ်ကို ပေးရပါမယ်။ Shwe Bank Mobile Banking ၊ Internet Banking နဲ့ ဝယ်ယူကြည့်ရှုမယ်ဆိုရင် Shwe Bank အေးဂျင့်တွေမှာလည်း Shwe Bank အကောင့်ဖွင့်ဖို့ လိုပါတယ်။ OK $ အေးဂျင့်တွေမှာ ဝယ်ယူလို့ရပြီး OK $ အပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲပြီး ကိုယ်ပိုင်အကောင့်နဲ့လည်း ဝယ်ယူကြည့်ရှုနိုင်ပါတယ်”ဟု ပြောသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - ဇော်မင်းလတ်