ရန်ကုန် ၁ ဇွန်


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အ.ထ.က(၄)အလုံ၊ အ.ထ.က(၁)လသာ၊ အ.ထ.က(၂) လသာစာဖြေဌာနများသို့ သွားရောက်၍ ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာရပ်နှင့် သုတရေးရာဘာသာရပ်ဖြေဆိုမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၁/၂၀၁၉)ပါ ဝန်ကြီးဌာန/ အဖွဲ့အစည်း (၇)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူး ၂၂၁ နေရာအတွက် ပဏာမစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့ရှိ စာစစ်ဌာန ၅ ခု၌ တစ်ပြိုင်တည်း ကျင်းပသည်။


ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးရာတွင် လူမှန်၊ နေရာမှန် ဖြစ်စေရေးအတွက် ယခင်ကအသုံးပြုလျက်ရှိသော စာမေးပွဲစနစ်အစား ပဏာမစစ်ဆေးခြင်းကို ပထမအဆင့်အနေဖြင့်လည်းကောင်း၊ ပထမအဆင့် အောင်မြင်သူများအား Intermediate Level မှ Upper Intermediate Level အဆင့်သို့ မြှင့်တင်စစ်ဆေးမည့် ရေးဖြေစာမေးပွဲကို ဒုတိယအဆင့်အနေဖြင့်လည်းကောင်း၊ ဒုတိယအဆင့် အောင်မြင်သူများအား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို တတိယအဆင့် အနေဖြင့် လည်းကောင်း စစ်ဆေး၍ ရာထူးရွေးချယ်ရေးလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့တို့တွင် ယနေ့ကျင်းပသည့် ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်းသည် စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပဏာမစစ်ဆးခြင်းသို့ ဝင်ရောက်ဖြေဆိုသူဦးရေ စုစုပေါင်း(၆၂၃၆) ဦးရှိကြောင်း သိရသည်။ 


သတင်းစဉ်

 

1