မိုင်းဖြတ် ၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မိုင်းဖြန်မြို့ နမ့်ယွန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းအဆင့်မှ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ ဇွန် ၁ ရက် နံနက် ၁၀ နာရီက ကျောင်အဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မျိုးနိုင်၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ နမ့်ယွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒံယေလတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မျိုးနိုင်က ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး နမ့်ယွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒံယေလက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နမ့်ယွန်းကျောင်းကို ၁၉၆၂ ခုနှစ်မှစ၍ ကိုယ်အားကိုယ်ကိုးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် မူလတန်းကျောင်းအဖြစ်လည်းကောင်း၊ ၂၀ဝ၅ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး နမ့်ယွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခြောက်ရွာမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ မူလတန်းအဆင့်ကို သင်ယူပြီးမြောက်ပါက အလယ်တန်းအဆင့်ပညာကို မိမိတို့ကျေးရွာအုပ်စုအတွင် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)