ထန်တလန် ၁ ဇွန် 


ချင်းပြည်နယ်ထန်တလန်မြို့တွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝဥ၊ ထောပတ်နှင့် အခြားသီးနှံများ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက်ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ထန်တလန်မြို့ TBC ခန်းမ၌ ကျင်းပပြုလုပ်သည်။


ယင်းဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်၊ ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒေါက်တာမင်းဇော်ဦးနှင့် တာဝန်ရှိသူများ၊ ချင်းပြည်နယ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးအတွက် လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုးကို ချေးငွေ၊ နည်းပညာ၊ ဈေးကွက် အစရှိသည်တို့ ပံပိုးကူညီဆောင်ရွက်နေသော Good Brother's Company မှ ဦးမနော်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဒေါ်စန္ဒာမျိုး (ချင်းပြည်နယ် MSME ဖွံဖြိုးတိုးတက်ရေး အေဂျင်စီ)၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။


အဆိုပါ ဝဥ၊ ထောပတ်နှင့်အခြား တောင်ပေါ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်ဆိုင်ရာများ ဆွေးနွေးရာ၌ ဝဥ စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်းနှင့် ဝဥမှ ဝတုန် စားစရာပြုလုပ်နည်းကိုလည်းကောင်း၊ ထောပတ်သီး စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်းနှင့် ကိုင်းဆက်နည်းကိုလည်းကောင်း၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ၊ နည်းပညာ၊ ဈေးကွက်အလားအလာများကို အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

1