ရန်ကုန် ၂   ဇွန်

 

လူငယ်မိန်းကလေးများ ဦးဆောင်သော ရောင်စုံမိန်းကလေးများအဖွဲ့မှ လှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ရှိ ရတနာလှိုင်သာယာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက် ရတနာသီရိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှေ့ရှိ မြေကွက်လပ်တွင် ကလေးများနှင့် လူငယ်များ စာအုပ်စာပေများဖတ်ရှုနိုင်ရန် စာကြည့်တိုက်တစ်ခုနှင့် ကလေးကစားကွင်းငယ်တစ်ခုကို တည်ဆောက်ခဲ့ရာ ဇွန်(၂)ရက်နံနက်(၉) နာရီက ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ကလေးငယ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အများပြည်သူနှင့်အတူ ကလေးငယ်များ အပန်းဖြေအနားယူရန် ပန်းခြံများလိုအပ်နေသော လှိုင်သာယာတွင် ဒို့အိမ်အဖွဲ့နှင့် ရောင်စုံမိန်းကလေးများပူးပေါင်း၍ ရတနာသီရိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှေ့ရှိ ပေ(၃၀×၅၀) အကျယ်ရှိ မြေကွက်လပ်တွင် စာကြည့်တိုက်တစ်ခုနှင့် ကစားကွင်းကို မိန်းကလေးငယ်များ ကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ ဒို့အိမ်၏ဆောက်လုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ဖွင့်ပွဲကို ကျင်းပခြင်းဖြစ်သည်။

 

“သမီးတို့လုပ်ငန်းပြီးမြောက် အောင်မြင်တာမြင်ရတော့ အားလုံးဝမ်းသာကြည်နူးကြတယ်။မိန်း ကလေးနဲ့ ကလေးတွေအတွက် အများပြည်သူနေရာတွေနဲ့ ပတ်သက်ပြီး သက်တောင့်သက်သာနဲ့ လုံခြုံမှုပေးနိုင်တဲ့နေရာတွေ လိုအပ်နေတယ်လို့ထင်တယ်။ အခုလူငယ် မိန်းကလေးတွေ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး စာကြည့်တိုက်နဲ့ ကစားကွင်းငယ် တည်ဆောက်နိုင်ခဲ့တာကြောင့် ကလေးတွေအတွက်လုံခြုံစိတ်ချတဲ့ နေရာမှာ စာပေဗဟုသုတ ရှာနိုင်သလို အပန်းဖြေဆော့ကစားနိုင်တာ မြင်ရတော့အတိုင်းမသိ ဝမ်းသာရပါတယ်” ဟု ရောင်စုံမိန်းကလေးများအဖွဲ့မှ မထက်ထက်ခိုင်က ပြောသည်။

 

ရောင်စုံမိန်းကလေးများ (Colorful Girl) အဖွဲ့သည် မြို့နယ်အသီးသီးတွင် မိန်းကလေးငယ်များအပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ဆယ်ကျော်သက်အဖွဲ့ဖြစ်ပြီး မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အများပြည်သူဆိုင်ရာနေရာများ ဖန်တီးရေးကို ဆောင်ရွက်လျက်ရှိသော ရန်ကုန်အခြေစိုက်လူမှုအကျိုးပြုလုပ်ငန်းအဖွဲ့တစ်ခုဖြစ်သည့် ဒိုအိမ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

 

42058