နေပြည်တော် ၂ ဇွန်
နိုင်ငံတော်သမ္မတ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ စမ်းစုကျေးရွာ၌ ၄ လက်မ စက်ရေတွင်းနှင့် ကွန်ကရစ်ရေစင် တည်ဆောက်နေမှု လုပ်ငန်းများအား ဇွန် ၁ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်ချက်များ ဆွေးနွေးမှာကြားကြသည်။
အလားတူ နိုင်ငံတော်သမ္မတ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အုပ်စုအင်ချောင်းကျေးရွာ၌ စက်ရေတွင်းနှင့် ရေစင်တည်ဆောက်နေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်း၌ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
စမ်းစုကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ တူးဖော်တည် ဆောက်လျက်ရှိသည့် ၄ လက်မ စက်ရေတွင်းမှာ တွင်းတူးအနက် ပေ ၇၂၀၊ ပိုက်ချအနက် ပေ ၇၀ဝ ရှိပြီး 7.5Hp Submersible Pump တပ်ဆင်ထား၍ တစ်နာရီ ဂါလန် ၁၅၀ဝ ရေတင်နိုင်ကြောင်း၊ ကွန်ကရစ်ရေစင်မှာ ရေဂါလန် ၂၄၀ဝ သိုလှောင်နိုင်ကာ 10KW ပါဝါမီတာ တပ်ဆင်မှု အပါအဝင် စက်ရေတွင်းရေစင် တည်ဆောက်မှု ကုန်ကျ ငွေစုစုပေါင်း ငွေကျပ် ၁၉ ဒသမ ၈၁သန်းရှိကြောင်း၊ အဆိုပါ ရေရရှိရေးလုပ်ငန်းမှ အိမ်ခြေ ၉၆ အိမ် လူဦးရေ ၄၃၇ ဦးတို့၏ သောက်သုံးရေ ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း။
အင်ချောင်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတူးဖော် တည်ဆောက်လျက်ရှိသည့် ၄ လက်မ စက်ရေတွင်းမှာ တွင်းတူးအနက် ပေ ၇၅၀၊ ပိုက်ချအနက် ပေ ၇၄၀ ရှိပြီး 7.5Hp Submersible Pump တပ်ဆင်ထား၍ တစ်နာရီဂါလန် ၂၀ဝ၀ ရေတင်နိုင်ကြောင်း၊ ကွန်ကရစ်ရေစင်မှာ ရေဂါလန် ၂၄၀ဝ သိုလှောင်နိုင်ကာ 10KW ပါဝါ မီတာတပ်ဆင်မှု အပါအဝင် စက်ရေတွင်း ရေစင် တည်ဆောက်မှု ကုန်ကျငွေစုစုပေါင်း ကျပ်၂၃ ဒသမ ၁၈၇ သန်း ရှိကြောင်း၊ အဆိုပါ ရေရရှိရေးလုပ်ငန်းမှ အိမ်ခြေ ၄၆၀ အိမ် ၊ လူဦးရေ ၂၂၀ဝ ဦးတို့၏ သောက်သုံးရေကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)