နေပြည်တော် ၂ ဇွန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် SEEDS Asia တို့ပူးပေါင်းဆောင်ရွက်သော “ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ရွာလူထုနှင့် ပူးပေါင်း၍ ကျောင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း” စီမံကိန်းအရ ဆောက်လုပ်ပြီးစီးခဲ့သော ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာသဘာဝဘေးဒဏ်ခံ၊ မူလတန်းကျောင်းဆောင်သစ် (School-CumShelter) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများအား သင်ကြားမှု အထောက်အကူပြု အိတ်များ ပေးအပ်ကာကျောင်းဆောင်တွင်း လှည့်လည်ကြည်ရှုသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီမြစ် ဟင်္သာတတာ တာမိုင်၂၂/၄-၂၄/ဝအတွင်း (သဲကုန်း-ညောင်အိုင်) ပန်းတာသစ် တည်ဆောက်ခြင်း လုပ်ငန်းအား သွားရောက်စစ်ဆေးကြည့်ရှုသည်။
အဆိုပါ ပန်းတာသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် (၉၉၀ ဒသမ ၈၆၈)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းအားလုံး (၁၀ဝရာခိုင်နှုန်း) ပြီးစီးနေပြီဖြစ်သည်။
ယင်းတာသည် အရှည် ပေ ၇၅၀ဝ၊ ထိပ်ဝအကျယ် ၁၆ ပေရှိပြီး တာအမြင့် ၁၈ ပေ ရှိသည်။ အဆိုပါတာကို တည်ဆောက်နိုင်ခြင်းကြောင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငသိုင်းချောင်းမြို့နယ်များရှိ လယ်မြေဧက (၃) သိန်းကျော်အား မိုးရာသီကာလအတွင်းရေကြီးနစ်မြုပ်သည့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းသို့ရောက်ရှိပြီး သင်ကြားမှုဘာသာရပ်များနှင့် နည်းစနစ်များခေတ်နှင့်အညီ ဆန်းသစ်ပြင်ဆင်နိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရေး သင်တန်းအမျိုးအစားလိုက် နည်းပြများ ကျွမ်းကျင်ပိုင်နိုင်ရေး စဉ်ဆက်မပြတ်လေ့လာရေး၊ သင်တန်းဆရာများ၏ အရည်အချင်း တိုးမြှင့်စေရေးလေ့ကျင့်ပျိုးထောင်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)