၃ ဇွန်
တက်နွယ်ကျောင်းကျောက်စာကို မြန်မာသက္ကရာဇ် ၈၀၄-၈၃၀ နရပတိမင်းလက်ထက်တွင် ရေးထိုးခဲ့ပြီး ယင်းကျောက်စာသည် တိုင်းရင်းဆေးမှတ်တမ်းတွင် အခိုင်အမာတွေ့ရှိရသော အထောက်အထားဖြစ်သည်။ တောင်တွင်းမင်း သီရိဇေယျသူရနှင့် ဇနီး စောပြည့်ချမ်းသာတို့က သံသရာ၏ ဆင်းရဲခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ကိုရလို၍ ၁၄၄၂ ခုနှစ်တွင် တက်နွယ်ချောင်း၏အနီး၌ ကျောင်းကြီးဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ တက်နွယ်ကျောင်းသည် ညောင်ဦးခရိုင် ညောင်ဦးမြို့ ရွှေစည်းခုံဘုရား၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ဝက်ကြီးအင်းရွာနှင့် ရွှေချောင်း(ခေါ်)တက်နွယ်ချောင်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ ယင်းကျောင်းကြီး၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ ရှင်ဥတ္တမကျော် ဖြစ်သည်။
တက်နွယ်ကျောင်း ကျောက်စာ
တက်နွယ်ကျောင်း ကျောက်စာသည် တက်နွယ်ချောင်းကို အစွဲပြုလျက် တက်နွယ် ကျောင်းကြီး၏ ကျောက်စာဖြစ်သောကြောင့် တက်နွယ်ကျောင်းကျောက်စာဟု အမည်တွင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ကုသိုလ် ကောင်းမှုအစုစုအတွက် အလှူရှင်က မယားသား မြေးနှင့်တကွ စကြဝတေးမင်းအဖြစ် ဘဝ ပေါင်းများစွာဖြစ်ပြီးနောက် သိကြားမင်းအဖြစ် နတ်စည်းစိမ်ကို ကြိမ်ဖန်များစွာခံစားကာ လူ့ပြည်တွင် လူနတ်ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဘုရားဖြစ်လျက် လူနတ်ဗြဟ္မာသတ္တဝါတို့အား နိဗ္ဗာန်သို့ပို့ဆောင်ပြီးမှ အဆုံးစွန်တွင် နိဗ္ဗာန် ရရန်ဆုတောင်းခဲ့ပါသည်။
ဗုဒ္ဓပိဋကတ်တော် များသာမက လောကီလောကုတ္တရာ စာပေကျမ်းဂန်များစွာတို့ကို လှူဒါန်းခဲ့ကြောင်း အကျယ်တဝင့်ရေးထိုးခဲ့သည့် အလှူမှတ်တမ်း ကျောက်စာဖြစ်သည်။ တောင်တွင်းမင်း သီရိဇေယျသူရသည် လှူဒါန်းခဲ့သော ကျောင်း၊ ပိဋကတ်၊ ဗေဒင်ကျမ်းများ၊ မြေများကို ကာလကြာရှည်တည်တံ့စေလိုပြီး ပျက်စီးက ပြင်စေလိုသည်။ နောင်အခါ အငြင်းပွားခြင်း စသော အမှုအခင်းမဖြစ်စေရန် နယ်နိမိတ်သတ်မှတ်၍ ကျောက်စာရေးထိုး မှတ်တမ်းတင်ခဲ့သည်။ ကျောင်း၊ မဟာရံတံတိုင်း၊ ပိဋကတ်ကျမ်းများ ပျက်စီးလျှင် ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းနေသံဃာများ ညီညွတ်စွာစုပေါင်း၍ ဝတ်စာဖြင့် ပြင်ဆင်ရန် မှာကြားပါသည်။
တိုင်းရင်းဆေးမှတ်တမ်း
ပထမ အင်းဝခေတ် ၇၂၆-၉၅၄ တွင် ပေါ်ပေါက်ခဲ့သော ဆေးပညာနှင့် စပ်လျဉ်း၍ အလွန်ခိုင်လုံစွာ မှတ်တမ်းတင်ခဲ့သော အချက်တစ်ရပ်မှာ ထူပါရုံ ဒါယကာ နရပတိကြီး ၈၀၄-၈၃၀ လက်ထက်တွင် ရေးထိုးခဲ့သည့် တက်နွယ်ကျောင်းကျောက်စာ၌ ဆေးကျမ်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။
ထိုကျောက်စာတွင် မျက်နှာဘက်၊ ကျောဘက်၊ ဝဲဘက်၊ ယာဘက်ဟူ၍ လေးမျက်နှာ ပါရှိပါသည်။ မျက်နှာဘက်တွင် ၄၆ ကြောင်း၊ ကျောဘက်တွင် ၅၂ ကြောင်း၊ ဝဲဘက်တွင် ၄၆ ကြောင်းနှင့် ယာဘက်တွင် ၃၆ ကြောင်းပါရှိပါသည်။ ပါဠိ-မြန်မာ နှစ်ဘာသာဖြင့် လင်္ကာစကားပြေရောထွေး၍ ရေးထိုးထားပါသည်။ ကျောက်စာတွင် ပိဋကတ်ဗေဒင်ကျမ်းများလှူခဲ့ကြောင်း ကျမ်းစာရင်းတွင် ပါရှိသည်ကို တွေ့ရှိရပါသည်။ အချို့ကျမ်းများမှာ မည်သည့်ကျမ်းများဖြစ်သည်ကို မဖော်ထုတ်နိုင်သည်လည်း တွေ့ရှိရပါသည်။ ကျောက်စာ၏ ပထမစာမျက်နှာနှင့် ဒုတိယစာမျက်နှာတွင် အဘိဓမ္မာ ကျမ်းများ၊ နိကာယ် ကျမ်းများကို ရေးထိုးထားပြီး ပိဋကတ်ကျမ်းများ၊ ဗေဒင်ကျမ်းများ၊ ဆေးကျမ်း၊ သဒ္ဒါကျမ်းများ အမည်များကို ကျောက်စာ၏ တတိယမျက်နှာနှင့် စတုတ္ထမျက်နှာတို့၌ ဖော်ပြထားပါသည်။
တက်နွယ်ကျောင်းကျောက်စာလာ ကျမ်းအမည်များကို သဒ္ဒါမှန်၊ ပုဒ်မှန်၊ ပါဌ်မှန်ပါရှိပြီး ယခုခေတ်အသံထွက်၊ ယခုခေတ်အရေးအတိုင်း ရေးရသော် တတိယမျက်နှာ၌ ပိဏ္ဍောဋီကာ၊ (တစ်နည်း) ဗိန္ဒောဋီကာ၊ ကာ၊ ရောဂနိဒါန်း၊ ဒြဗျဂုဏ်၊ အမြဂုံတ္တဋီကာ၊ သာရသဂြိုဟ်၊ သာရပိဏ္ဍပဋီပတ္တိသင်္ဂြိုဟ်၊ ယောဂယတြာဋီကာသ၊ တ္တေကဝိရ၊ သွပြကာသ၊ ရာဇမတ္တဏ်၊ ပရာသယ၊ ကောလ၊ တ္တဇဗြိဟတ်ဋီကာ၊ စတုတ္ထမျက်နှာ၌ အမရတု၊ တ်နိဿယည်း၊ ပိဏ္ဍောနိဿယည်း (ဗိန္ဒောနိဿယည်း)၊ ရောဂနိဒါန်း၊ ဗျာချာန်၊ ဋီကာ၊ အမြတုတ်၊ ဘေသဇ္ဇမဉ္ဇူသာ၊ ရာဇမတ္တဏ် ဋီကာ၊ သာရသင်္ဂြိုဟ်အမှီ၊ ယောဂ၊ ယာတြအမှီ၊ ရောဂါ နိဒါန်းအမှီ၊ သာရတ္တဝ္တိာအမှီ၊ ပါရာ အမှီ၊ ရတ္တ မာလာ၊ နံတို့ဟူ၍ ပါရှိပါသည်။ ယင်းကျောက်စာပါ ဆေးကျမ်းများသည် ဆေးဖက်ဝင် အပင်များနှင့် ပတ်သက်၍ တတ်ကျွမ်းသိရှိမှု၊ ရောဂါဖြစ်ကြောင်း နိဒါန်း၊ ဆေးပစ္စည်းများ၏ ဂုဏ်သတ္တိ၊ အကျင့်သီလဆိုင်ရာများ၊ ဗေဒင်ယတြာများ၊ ဆေးဝါးများဖော်စပ်ပုံ၊ သွေးရောဂါ ဆိုင်ရာကုထုံးများ အကြောင်းကို ရေးသားမှတ်တမ်းတင်ထားသော ကျမ်းများဖြစ်ကြောင်း သိရှိရပါသည်။
အင်းဝခေတ်က ဆေးပညာ
အားလုံးကိုခြုံငုံ၍ သုံးသပ်လျှင် တက်နွယ် ကျောင်းကျောက်စာသည် သမိုင်းအထောက် အထားများစွာပါဝင်သည့် အင်းဝခေတ် တိုင်းရင်းဆေးပညာအခြေအနေကို ထင်ဟပ်လာသည့် ကျောက်စာဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ တက်နွယ်ကျောင်းကျောက်စာကို လေ့လာမှုအရ တိုင်းရင်းဆေးပညာသည် အထောက်အထားခိုင်မာစွာရှိခဲ့ပြီး ရှေးယခင်ကပင် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့ကြောင်းကို လေ့လာတင်ပြအပ်ပါသည်။
မှီငြမ်းပြုစာအုပ်စာတမ်းများ
(၁)မြန်မာ့တိုင်းရင်းဆေးပညာ သမိုင်း (၁၉၇၈)
(၂)တိုင်းရင်းဆေးတက္ကသိုလ် သင်ရိုးညွှန်းတမ်း (၂၀ဝ၁)
(၃)မြန်မာ့သမိုင်းအဖွဲ့ဝင် ဒေါ်အုန်းကြည်၏ လက်ရွေးစင်စာတမ်းများ(၂၀ဝ၄)
(၄)အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းလက်စွဲ (ဇွန်လ၊ ၂၀ဝ၈)
(၅)မချိုချိုနွယ်(တက်နွယ်ကျောင်း၏ ဗိသုကာနှင့်အနုပညာလက်ရာလေ့လာချက်၊ ဘွဲ့လွန် အသုံးချရှေးဟောင်းသုတေသန ပညာဒီပလိုမာဘွဲ့ကျမ်းငယ်၊ ၂၀၁၈)
ဒေါက်တာမိုးဆွေ၊ ဒေါက်တာသံလွင်ထွန်း၊ နေနေနိုင်ရည်၊ လွင်မြင့်သူ(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)