ဂျေရုဆလင် ၃ ဇွန်
သိမ်းပိုက်ခံဂိုလန်ကုန်းမြင့်ဒေသအတွင်းရှိ ဟာမွန်တောင်ကုန်းကို ဆီးရီးယားက ဒုံးကျည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား တပ်များတည်နေရာများကို အစ္စရေးကြည်းတပ်က တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဆီးရီးယားကိုတိုက်ခိုက်ရန် ၄င်းအမိန့်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့နှောင်းပိုင်းက ဟာမွန်တောင်ကုန်းကို ဆီးရီးယားဘက်မှ ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒုံးကျည်တစ်စင်းကို အစ္စရေးနယ်နိမိတ်အတွင်း တွေ့ရှိခဲ့ရကြောင်း စစ်ဘက်ကပြောသည်။
ဆီးရီးယားဘက်မှ ထိုသို့တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတပ်ဖွဲ့သည် ဂိုလန်ကုန်းမြင့်ပေါ်ရှိ ဆီးရီးယား အမြောက်တပ်ခွဲနှစ်ခု၊ အကဲကြည့်နေရာနှင့် ထောက်လှမ်းရေးအဖွဲ့တည်နေရာအများအပြားနှင့် SA- ၂ လေကြောင်း ကာကွယ်ရေးတပ်ခွဲ တစ်ခုတို့ကို တိုက်ခိုက်ခဲ့ကြောင်း ဇွန် ၂ ရက်တွင် ဖော်ပြခဲ့သည်။
ဆီးရီးယားဘက်မှ တိုက်ခိုက်မှုကြောင့် အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်တွင် သတိပေးအချက်ပြမှု ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဒုံးကျည်တစ်စင်းမျှ အစ္စရေး၌ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း သိရသည်။ ဆီးရီးယားနှင့် အီရန်တပ်ဖွဲ့များနှင့် လက်ဘနွန်ရှိ ဆီးရီး ယားမဟာမိတ် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများ တပ်စွဲထားသည့် လက်နက်သိုလှောင်ရုံများနှင့် ကက်စဝါဒေသရှိ တည်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။
အေအက်ဖ်ပီ