ဝေလင်တန် ၃ ဇွန်
စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ရှန်ဂရီလာညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်တွင်နယူးဇီလန်ကာကွယ်ရေးဝန်ကြီး ရွန်မာ့ခ်က အာရှ-ပစိဖိတ်ဒေသတွင်း ပို၍ခိုင်မာတောင့်တင်းပြီး အဓိပ္ပာယ်ရှိသော လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးရရှိရေး အတွက် တိုက်တွန်းလိုက်သည်။
စင်ကာပူနိုင်ငံ၌ ဒဏ်ခံနိုင်ပြီး တည်ငြိမ်အေးချမ်းသောဒေသဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော ရှန်ဂရီလာညှိနှိုင်းဆွေးနွေးပွဲ၌ နယူးဇီလန်ကာကွယ်ရေးဝန်ကြီး မာ့ခ်က မိန့်ခွန်းပြောကြားရာတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ဒေသတွင်း ရာသီဥတုပြောင်းလဲမှု၏ ဂယက်ရိုက်ခတ်မှုအပါအဝင် ပစိဖိတ်ဒေသတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် စိန်ခေါ်မှုများအပေါ် နယူးဇီလန်နိုင်ငံ၏ အမြင်နှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နယူးဇီလန်ကာကွယ်ရေးဝန်ကြီးသည် ယင်းအစည်းအဝေးအတောအတွင်း ဩစတြေးလျ၊ တရုတ်၊ ကနေဒါ၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောလက်စတေ၊ ဗြိတိန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများ နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အာရှ-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးအခြေအနေနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးရန် (၁၈) ကြိမ်မြောက် ရှန်ဂရီလာ ညှိနှိုင်းဆွေးနွေးပွဲကိုစင်ကာပူနိုင်ငံတွင် မေ ၃၁ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-ဂျေတီ