ပူတာအို ၃ ဇွန်
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်တွင် တောင်သူများ စိုက်ပျိုးသီးနှံ မျိုးစုံ ခေတ်မီစိုက်ပျိုးနည်းစနစ်များ သိရှိနားလည်လာစေရန်နှင့် မျိုးကောင်းမျိုးသန့်များသုံးစွဲ၍ ဓာတုကင်းလွတ် စပါးထွက်နှုန်း တိုးတက်မြင့်မားလာစေရန်အတွက် ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသော မိုးစပါးစိုက်ပျိုးကာလ တောင်သူ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ခရစ်တော်၏ အသင်းတော်(မူရင်း) ဘုရားကျောင်းဝတ်ပြုဆောင်၌ ကျင်းပသည်။
စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် မျိုးစပါးကို သီးသန့်ထိန်းသိမ်းထားကြရန်လိုအပ်ကြောင်း၊ အချိန်မှန်အချိုးကျ မြေသြဇာထည့်သွင်းပေးခြင်းဖြင့်မြေသြဇာ အလေအလွင့်နည်းပါးပြီး သီးနှံထွက်နှုန်းတိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးချိန်တွင် ရေထည့်သွင်းမှုနှင့်ပေါင်းပင်မြက်ပင်များရှင်းပေးရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ စပါးအထွက်တိုးပြီး တောင်သူများ၏တစ်ဦးချင်း ဝင်ငွေတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းယုမော်က စာအုပ်စာပေ ဖတ်ရှုခြင်း အလေ့အထကောင်းများ မွေးမြူကြစေရေးနှင့် စာကြည့်တိုက်များ ထာဝရရှင်သန်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဦးဉာဏ်ကျော်က မျိုးကောင်းမျိုးသန့်နှင့် အထွက်တိုးမျိုးစပါးများ သုံးစွဲကြရေးနှင့် သီးနှံအဖျက်ပိုး တားဆီးကာကွယ်နှိမ်နင်းရေး နည်းလမ်းမျာကိုလည်းကောင်း အသီးသီးပြောကြားသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော စိုက်ပျိုးတောင်သူဦးရေ(၁၂၀)ကျော်အား ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ရုံးဝန်ထမ်းများက သိပ္ပံနည်းကျ စိုက်ပျိုးနည်း လက်ကမ်းစာစောင်နှင့် အပင်အာဟာရ အပြည့်အဝရရှိရန် ပုလဲဓာတ်မြေသြဇာကို အကျိုးရှိစွာအသုံးချနည်း လက်ကမ်းစာစောင်းမျာကို ဖြန့်ဝေးပေးခဲ့ကာ တောင်သူများ၏ဆွေးနွေးမေးမြန်းချက်များအပေါ် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ဆန်းညွှန့် (ပူတာအို)


