ညောင်ဦး ၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အတွင်းရှိ တပ်ဖွဲ့ဝင်များကို ပြည်သူ့အကျိုးပြု ရဲလုပ်ငန်းများ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် လက်နက်များကိုင်ဆောင်၍ တာဝန်ထမ်းဆောင်ရာ၌ ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြု ပစ်ခတ်နည်း(ဆင့်ပွား)သင်တန်းကို ယနေ့နံနက် ၉ နာရီက ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်ဝင်းက တပ်ဖွဲ့ဝင်သင်တန်းသားများအနေဖြင့် ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လုပ်အပ်ပြီးမိမိတို့အား ထုတ်ပေးထားသည့် ကိုင်ဆောင်၍ တာဝန်ထမ်းဆောင်ရာ၌ မသက်ဆိုင်သော အပြစ်မဲ့ပြည်သူများကို ထိခိုက်ဒဏ်ရာမရရှိအောင် မပြုလုပ်မိစေရန် အထူးဂရုပြု လိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း ၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် တပ်ဖွဲ့ဝင်များကို လက်နက်များ စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်တတ်စေရန်အတွက် ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ရာ သင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြစေလိုကြောင်း ရှင်းလင်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသားတပ်ဖွဲ့ဝင်များအား ပြည်သူ့အကျိုးပြုရဲလုပ်ငန်းဆိုင်ရာများ၊ ခေတ်မီလက်နက်များ လုံခြုံစွာစနစ်တကျ ထားသိုထိန်းသိမ်းနည်း စနစ်များနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုပစ်ခတ်နည်းများကို စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်ဝင်း ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်း ၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်ငွေ ၊ ကျောက်ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဝင်းနိုင် ၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)ဒုရဲမှူး ကျော်စွာဦး ၊ ဒုရဲမှူး(ရေး/ထောက်)ဒုရဲမှူး ခင်မောင် ထွေး ၊ ဒုရဲမှူး(မှူးခင်းမှတ်တမ်း)ဒုရဲမှူး မျိုးဝင်း ၊ ညောင်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းနိုင် ၊ ခရိုင်အတွင်းရှိ နယ်မြေ ရဲစခန်းမှူးများနှင့် ရဲကင်းစခန်းမှူးများ ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား တပ်ဖွဲ့ဝင် အရာရှိ ၂ ဦး ၊ အခြား အဆင့် ၁၈ ဦး ၊ စုစုပေါင်း သင်တန်းသား ၂၀ တို့ တက်ရောက်ခဲ့ကြပြီး ၊ သင်တန်းအား ဇွန် ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)