ပေါင် ၃  ဇွန် 

 

 ဂေဟစနစ်နှင့် အစာကွင်းဆက်များအဖြစ် လူသားတို့ကို အကျိုးပြုနေသော ငါးသယံဇာတများကို ထိန်းသိမ်းနိုင်ရန်အတွက် ငါးမဖမ်းရကာလများ သတ်မှတ်ထားပြီး ကြီးကြပ်စစ်ဆေးမှုများနှင့် ငါးမဖမ်းရ နေရာများသတ်မှတ်ခြင်းလုပ်ဆောင်နေကြောင်း သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

 

ဒေသရေချိုငါးများဖြစ်သည့် ငါးရစ်ငါးသန်ငါးများကို မေလမှဇူလိုင်လကုန်အထိ၊ ကပ်သလစ်ငါးများကို ဇန်နဝါရီလမှ ဩဂုတ်လအထိ၊ ကျောက်ပုဇွန်၊ကင်းပုဇွန်များကိုဇွန်လမှ ဧပြီလကုန်အထိ ဖမ်းဆီးခြင်း မပြုရန်ပိတ်ပင်ထားပြီး ငါးအမျိုးအစားအလိုက် ငါးများပေါက်ဖွားသည့်အချိန်၌ တားမြစ်မှုများ လုပ်ဆောင် နေခြင်းဖြစ်သည်။

 

333

 

"ငါးသယံဇာတများကျက်စားနေတတ်တဲ့ ပေါင်မြို့ အမှတ်(၁) အမှတ်(၂) တူးမြောင်းအတွင်း ငါးဖမ်း ခြင်းများ မပြုလုပ်ကြဖို့နဲ့ ဒီလိုငါးဖမ်းနေရင် လယ်သမားတွေနဲ့ ပြဿနာများဖြစ်ပွားနိုင်ပါတယ်။ တချို့ ငါးဖမ်းတဲ့လူတွေက မသိတာတွေ ရှိလိမ့်မယ်။ဒါကြောင့်မို့ အများမြင်သာထင်သာရှိတဲ့ နေရာတွေမှာ ငါးမဖမ်းရဆိုတဲ့ ဆိုင်းဘုတ်များ လာရောက်စိုက်ထူခြင်းဖြစ်ပါတယ်။ ဒီရာသီမှာ ငါးမဖမ်းရကာလလည်း ဖြစ်တဲ့အတွက် တကယ်လို့ စစ်ဆေးတဲ့အခါတွေ့ရှိရင်တော့ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေနဲ့အညီ အရေးယူနေပါတယ်။ မဖမ်းရဖို့အတွက်လည်းကွင်းဆင်းပြီး အသိပညာပေးဟောပြောတာမျိုးလည်း လုပ်နေပါတယ်"ဟု သထုံခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လှလှဝေကဆိုသည်။

 

သထုံခရိုင်အတွင်း၌ ဘက်ထရီရှော့တိုက်ခြင်း ၊ အဆိပ်ခတ်ခြင်း ၊ ဖောက်ခွဲရေးပစ္စည်းများအသုံးပြု ခြင်း ၊ခွင့်ပြုထားသည့် ပိုက်အရွယ်အစားထက် သေးငယ်သောပိုက်များအသုံးပြုခြင်း ၊ တရားမဝင်နှင့်ငါးမဖမ်းရကာလစည်းကမ်းချိုးဖောက်ခြင်းများကိုသက်ဆိုင်ရာကော်မတီများမှ စောင့်ကြည့်အရေးယူမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းသိရှိရသည်။

 

 ဇင်မျိုးသူ