တပ်ကုန်း ၃ ဇွန်
နေပြည်တော် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်အတွင်း ဇွန် ၂ရက် ညနေပိုင်းက မိုးကြီးစွာရွာသွန်းပြီး၊ တောင်ကျရေကြမ်းသည့် ဂွေ့ကြီးချောင်းရေကျဆင်းလာချိန်တွင် တပ်ကုန်းမှ ရန်ကုန်- မန္တလေးအမြန် လမ်းသို့ ဆက်သွယ်ထားသည့် ကွန်ကရစ်လမ်း၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအနီးရှိ ချောင်း ကူး ရေကျော်တွင် ဖြတ်သန်းမောင်းနှင်သည့် ယာဉ်တစ်စီး ချောင်းရေနှင့်အတူ မျောပါသွားခဲ့သည်။
အဆိုပါ ယာဉ်နှင့်ယာဉ်မောင်းအား ကယ်ဆယ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်ဌာနဆိုင်ရာများ ၊မြို့နယ်မီးသတ်ဖွဲ့ဝင်များ၊ ဂွေ့ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသားများဖြင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပြီး ချောင်းရေကျော် နေရာအား အန္တရာယ်ရှိသည့်အတွက် ယာဉ်ဖြတ်သန်း သွားလာမပြုရေးနှင့် ညတွင်းချင်းယာယီပိတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကို စောင့်ကြည့်တာဝန်ချထားပေးအပ်ခဲ့သည်။
၎င်းရေကျော်တွင် မျောပါသွားသည့် မော်တော်ယာဉ်မှာ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ ဦးမျိုးမင်းအောင် မောင်းနှင်သော KLUGER ယာဉ်ဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ယာဉ်မောင်း ဦးမျိုးမင်းအောင်တွင် အခြားထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မျက်လုံးထဲ သဲများဝင်ရောက်ကာ အအေးမိသဖြင့် တပ်ကုန်းကုတင်(၁၀ဝ)ဆေးရုံးတွင် ဆေးကုသမှုခံယူခဲ့သည်။ယနေ့ နံနက်ပိုင်းတွင် သဲနစ်မြုပ်နေသည့် KLUGER ယာဉ်အား တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများ ဝိုင်းဝန်းကူညီဖော်ထုတ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်( ပြန်/ဆက်)


