မြိတ် ၃ ဇွန်
မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးစရိတ်အခက်အခဲမရှိစေရေးအတွက် လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်)ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက် ရှိကာ လက်ရှိတွင် မြိတ်မြို့နယ်ရှိ မိုးစပါးစိုက်လယ်ဧကများအနက် (၇၁၁၁)ဧကအတွက် ငွေကျပ် သိန်းပေါင်း (၁၀၆၆၆)ကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါဘဏ် လက်ထောက်မန်နေဂျာ ထံမှ သိရသည်။
ယခင်နှစ်က မြိတ်မြို့တွင် မိုးစပါးစိုက်ဧက (၄၂၆၉၃)ဧကရှိခဲ့ပြီး တစ်ဧကအထွက်နှုန်း(၇၃ ဒသမ ၅)တင်း ထွက်ရှိခဲ့ကာ ယခုနှစ်တွင်လည်း မိုးစပါးစိုက်ဧက ယခင်နှစ်အတိုင်းလျာထား စိုက်ပျိုးရေးဦးစီးဌာနမှ သိရကာ လယ်ယာမြေတစ်ချို့ကို အချိန်မှီစိုက်ပျိုးနိုင်ရေး စတင်ထွန်ယက်နေပြီဖြစ်သည်။
မြိတ်မြို့တွင် ယခင်နှစ်က ရေကြီးနှစ်မြှပ်မှုကြောင့် လယ်ဧကတစ်ချို့ရေနှစ်မြှပ်ပျက်စီးခဲ့သော်လည်း အချိန်မှီအစားထိုးစိုက်ပျိုးနိုင်ခဲ့ရာ အထွက်နှုန်းလျော့ကျခြင်းမရှိခဲ့သဖြင့် ယခုနှစ်တွင်လည်း အဆိုပါဖြစ်ရပ်မျိုး ဖြစ်ပေါ်ပါက အချိန်မှီအစားထိုးစိုက်ပျိုးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ရွှေဝါထွန်း၊ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခနှင့် တခြားဒေသမျိုးစိတ်များကို စိုက်ပျိုးလျက်ရှိကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)


