မုံရွာ ၃  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝမြို့နယ်နှင့် မုံရွာမြို့တို့အား ဆက်သွယ်ဖောက်လုပ် ထားသည့် မုံရွာ- ယာကြီး-ကလေးဝ ကားလမ်းမကြီးအား အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ဖောက် လုပ်လျက်ရှိရာ ယခုအခါတွင်(၂၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

 

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းသည် အိန္ဒိယနိုင်ငံ၊မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အားဆက်သွယ်ထားသော သုံးနိုင်ငံဖြတ် လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အကူအညီ ရှုပီးငွေ (၁၁၇၇၀)သန်း နှင့် အဆင့်မြှင့်တင် ဖောက်လုပ်မည့် လမ်းအရှည် (၇၅)မိုင်ရှိပြီး  ယခင်က အတက်အဆင်းမတ်စောက်ခြင်း၊ မိုးရာသီတွင် လမ်းပျက်စီးခြင်းတို့ကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ခက်ခဲသည့် လမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

 

ယခုလက်ရှိတွင် လမ်းအူကြောင်းတစ်လျှောက်ရှင်းလင်းခြင်း၊ မြေသားလုပ်ငန်းဆောင်ရွက်ခြင်း၊ grade ချဲ့ခြင်း/ ချခြင်းလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိပြီး၎င်းလုပ်ငန်းများပြီးစီးပါက ဒုအခြေခံအလွှာ ခင်းခြင်း၊ အခြေခံအလွှာခင်းခြင်း၊ ကတ္တရာကွန်ကရစ်(AC)ပထမအလွှာခင်းခြင်းနှင့် ကတ္တရာကွန်ကရစ်(AC) ဒုတိယအလွှာ ခင်းခြင်းလုပ်ငန်းများကို စီမံကိန်းကာလအတွင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လမ်းစီမံကိန်း လုပ်ငန်းများအားလုံးကို (၂၀၂၁)ခုနှစ်၊ မေလတွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)