နေပြည်တော် ၃  ဇွန် 

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတီကျု (Panna Institute) တို့ ပူးပေါင်းပြီး ဂျာမန်ဖောင်ဒေးရှင်းဖြစ်သည့် Konrad Adenauer Stifung (KAS Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သည့် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သင်တန်းကို ဝန်ကြီးဌာနများမှ ပြောရေးဆိုခွင့်ရှိသူများ၊ ပြန်ကြားရေးအရာရှိများအဖြစ် တာဝန်ထမ်းဆောင် နေသူများနှင့် ထမ်းဆောင်မည့်သူများအတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များမှာ ယနေ့ခေတ်တွင် အမှန် တကယ် လေ့လာသင်ယူရန် လိုအပ်သည့် များကို စနစ်တကျ ရွေးချယ်ထား သည်များ ဖြစ်ပါကြောင်း။ မိမိတို့အနေဖြင့် ပြောင်းလဲနေသည့် အချိန်အခါ၊ အခြေအနေ၊ နည်းပညာများနှင့် သဟဇာတဖြစ်အောင် အမှီလိုက်ရန် လိုပါကြောင်း ၊ သင်တန်းသူ၊ သင်တန်း သားများကလည်း ယခု သင်တန်းတွင် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး မေးမြန်းကြ စေလိုကြောင်း၊ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို နိုင်ငံ့အကျိုး အတွက်အကောင်းဆုံးဖြစ်ရန် လုပ်ငန်းခွင်တွင်အသုံးချရုံသာမက သင်တန်းမတက် ရောက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်များအားလည်း ပြန်လည်မျှဝေကြစေလို ကြောင်း  ပြောကြားသည်။

 

ထို့နောက် Konrad Adenauer Stifung မှ Dr.Norbert Eschborn က    Panna Institute  နှင့် Konrad Adenauer Stifung (KAS)  တို့ ပူးပေါင်း၍ သင်တန်း ဖွင့်လှစ် ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။

 

ယင်းနောက် Paññā Institute မှ သင်တန်းနည်းပြ ဒေါက်တာ တင်မောင်မောင်သန်း က  သင်တန်းဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားသည်။

 

 သုတေသနနည်းနာနိဿယ ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းကို ဇွန်   ၇ ရက်အထိ ၅ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ ၅၀ တက်ရောက်ကြသည်။

 

သင်တန်းတွင် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံရေးအရ လွှမ်းမိုးမှု များ၊ ပြည်သူ့ ရေးရာမူဝါဒ၊ ဖော်ဆောင်ပုံ၊ လည်ပတ်ပုံနှင့် စွမ်းဆောင်မှုညွှန်းကိန်းများ၊ သုတေသန နည်းနာ နိဿယ ခေါင်းစဉ်အောက်တွင် သုတေသနပုံစံများ၊ မေးခွန်း တည်ဆောက်ပုံများ၊ အချက်အလက် စုဆောင်းပုံနှင့် သုံးသပ်အဖြေရှာပုံများ၊ ပြည်သူ့ ဆက်ဆံရေးနှင့် ဆက်သွယ်မှုပုံစံအမျိုးမျိုး၊ ဌာနတွင်း၊ ပြင် ဆက်ဆံရေးနည်းလမ်းများ၊ လူထုထင်မြင်ယူဆချက် အမျိုးမျိုးနှင့် သုံးသပ်ပုံ ၊ မူဝါဒရေးဆွဲရာတွင် လူထုထင်မြင် ယူဆချက်ကို ထည့်သွင်းစဉ်စားပုံများ၊ အင်တာနက်မှတစ်ဆင့် ဒေတာလွှမ်းမိုးသည့် ခေတ်တွင် သတင်းအချက်အလက်များကို စီမံခန့်ခွဲခြင်း၊ အစိုးရစီမံကိန်းများအတွက် သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး စီမံခန့်ခွဲမှု၊ အနာဂတ်အစိုးရနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှု     စသည့် အကြောင်းအရာများကို  သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)